
ရန်ကုန်နဲ့ မန္တလေးလို မြို့ပြကြီးတွေ အပါအဝင် တခြားမြို့တွေမှာ လျှပ်စစ်မီးပေးချိန်ကို ဧပြီ ၂၂ ရက်ကစ တိုးပေးမယ်လို့ ကြေညာအပြီး နိုင်ငံနဲ့အဝန်း လျှပ်မီးစစ်ပြတ်တောက်ချိန်တွေ ပိုတိုးလာတာကြောင့် ပြည်သူလူထုရဲ့ နေ့စဉ် လူနေမှုဘဝတွေနဲ့ အကျပ်အတည်းတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၄ နာရီခြားတခါ အလှည့်ကျ မီးပေးနစ်ကို ကျင့်သုံးနေရာကနေ သတ်မှတ်ထားတဲ့ လျှပ်စစ်မီးပေးချိန်တွေမှာတောင် မီးမလာဘဲ ပြတ်တောက်ချိန်မတိုင်ခင် လျှပ်စစ်မီး ဖြတ်တောက်တာနဲ့ ညအိပ်ချိန်တွေမှာပါ လျှပ်စစ်မီး တောက်လျှောက်ပြတ်နေတာတွေကြောင့် ပြည်သူတွေမှာ အိပ်ချိန်မမှန်တာနဲ့ နေ့စဉ်လူမှုဘဝတွေပါ ထိခိုက်လာရတာ ဖြစ်ပါတယ်။
ရန်ကုန်ခံတယောက်က “လျှပ်စစ်မီးကို အချိန်ပိုပေးမယ်လို့ ဆိုတာကတော့ ကျနော်တို့က အစကတည်းက သိပ်အယုံအကြည်မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လုပ်နေတဲ့ ပုံစံက ပါးစပ်ကသာ လျှောက်ပြောတာ၊ တကယ် လက်တွေ့မှာ အဲလိုမျိုး မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိအကျ လာတာ၊ ပျက်တာကလည်း အဲလိုမျိုး မရှိဘူး။ မှန်ချင်လည်း မှန်တယ်၊ မမှန်ချင်လည်း မမှန်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ ၉ နာရီ လာမယ်ဆို ၉ နာရီ လာတယ်၊ ပြီးရင် ၁၀ နာရီလောက်မှာ ပြန်ပျက်သွားပြီးတော့ နောက် ပျက်ချိန်နဲ့ တခါတည်း ဆက်သွားတာမျိုးတွေလည်း ရှိတတ်တယ်ပေါ့နော်။ ဟိုတနေ့ကဆို ည ၂ နာရီလောက်မှ လာတာပေါ့နော်။ တိုက်ခန်းတွေရဲ့ အားနည်းချက်ကတော့ မီးမလာတော့ ဘယ်လိုမှ အိပ်လို့မရဘူး။ ကျနော်တို့ မနက်သွား ညနေပြန်ရတဲ့သူတွေအတွက် အဆင်မပြေဘူး။ မနက်ကို ကားတိုးစီးရတယ်၊ နောက် ရာသီဥတုကလည်း အရမ်းပူတယ်။ အဲ့တော့ အိပ်ရေးက မဝထားဘူးဆိုတော့ အဲဒါ တော်တော်လေး အဆင်မပြေတာ” လို့ ပြောပါတယ်။
ရန်ကုန်မှာ အရင်ပေးနေတဲ့ ၁၆ နာရီကနေ ၁၈ နာရီ လျှပ်မီးပေးချိန်အစား ၁၈ နာရီကနေ နာရီ ၂၀ ထိ တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်းနဲ့ မန္တလေးမှာ အရင် ၁၄ နာရီကနေ ၁၆ နာရီ မီးပေးချိန်အစား ၁၆ နာရီကနေ ၁၈ နာရီအထိ တိုးပေးမှာဖြစ်ကာ တခြား ပြည်နယ်/တိုင်းဒေသကြီးတွေမှာတော့ ၁၂ နာရီလောက်ထိ မီးလာနေရာကနေ အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြုးပေးသွားမှာဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်တိုးလုပ်နိုင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ရန်ကုန်မြို့ခံတယောက်က “အချိန်နဲ့ပေးတာ အခုကျတော့ အခု ၁ နာရီ လာမဲ့အချိန်လည်း မလာသေးဘူး၊ ၂ နာရီလည်း မလာ၊ ၃ နာရီလည်းမလာ အဲလိုဖြစ်တာ။ ညနေ ၅ နာရီ ပျက်ရမဲ့အချိန်ဆို အစောပျက်ချင် ပျက်သွားတယ်။ အဲလို ပုံမှန်မဟုတ်ဘူး။ ညဘက်တွေဆိုလည်း အဲလိုပဲ။ ၉ နာရီလာရမှာ လာချင်မှလာတယ်။ ပျက်ချိန်ကျတော့လည်း ၉ နာရီ မထိုးသေးဘူး တခါ ပျက်သွားပြန်ရော။ ဒီ ချက်ဖို့ပြုတ်ဖို့ကျတော့ ဒုက္ခတွေ ရောက်တာလေ။ မီးကို စောင့်နေရတာ တမျိုး၊ ချက်နေရင်းနဲ့ ပျက်သွားတာ တမျိုး၊ အဲလို မနက်ဆိုရင်လည်း ပျက်မှာစိုးလို့ အစောကြီး ထချက်ရတာ ဒုက္ခတဒုက္ခ။ အဲဒုက္ခတွေက ပြန်ခံစားနေရပြီ။ လျှပ်စစ်မီးကို အချိန်ပိုပေးမယ်လို့ ပြောတာ အချိန်ပိုပေးတာ မဟုတ်ဘူး၊ အချိန်ပိုပျက်တာ။ အရင်ဆိုလို့ရှိရင် ဒီညဘက်တွေကို သူတို့က မီးပေးသေးတယ်လေ။ အခုဆို ညဘက်တွေဆို တညလုံး မီးမလာတာတွေရှိတယ်။ တော်တော် ဒုက္ခရောက်တယ်။ နေရထိုင်ရတာ ပူအိုက်တဲ့ရာသီဆို ပိုဆိုးတာပေါ့။ ဘယ်လိုမှ နေလို့မရ၊ အဲလိုမျိုး အိပ်လို့မရနဲ့ ဒုက္ခတွေ များတာပေါ့” လို့ ပြောပါတယ်။
ဧပြီ ၂၂ ရက် ညနေ ၃ နာရီကစလို့ လျှပ်မီးပေးချိန်တွေ တိုးမယ်လို့ တရားဝင်ကြေညာခဲ့ပြီးနောက်မှာ မီးပျက်ချိန်တွေ ပိုတိုးလာသလို မန္တလေးမြို့မှာ ဧပြီ ၂၂ ရက်က ညတညလုံး မီးပျက်တဲ့ နေရာတွေ ရှိခဲ့ပြီး ဧပြီ ၂၅ ရက်တုန်းကလည်း တနိုင်ငံလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်ချိန်တွေ ပိုဆိုးလာတာကြောင့် အသေးစား အိမ်တွင်းလုပ်ငန်းတွေ ပိတ်သိမ်းထားရသလို အလတ်စား စီးပွားရေးလုပ်ငန်းတွေလည်း ယာယီရပ်နားထားရပါတယ်။
ဝေဝေ











