
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က သြဂုတ် ၄ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်သွားတာကြောင့် ထိခိုက်ပျက်စီးတာတွေ ရှိခဲ့သလို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “ဝက်လက်အရှေ့ခြမ်း ခရိုင်ချင်းဆက် အမှတ် ၃ လမ်းမကြီးနားက ရေဖြူလမ်းဆုံနဲ့ ငါးကြင်းအိုင်ရွာတွေနားကို ညနေ ၃ နာရီ မခွဲခင်ကနေ ၃ နာရီခွဲပြီးလောက်အထိ နာရီဝက်နီးပါးကြာ လေကြောင်းတိုက်ခိုက်မှု ၇ ခါ လောက် လုပ်သွားတာ ဖြစ်ပြီးတော့ ကြဲချသွားတဲ့ ဗုံးအလုံးရေကတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အဆိုပါနေရာတွေကို စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာအပြင် သပိတ်ကျင်းတွင်းငယ် တတက ၁၃ ထဲက တက်လာတဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့က ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ဝက်လက်အရှေ့ခြမ်းကို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်တာ တွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အခုလေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူပိုင်အဆောက်အအုံ ပျက်စီးတာတွေ ရှိပြီး ဒေသခံပြည်သူတွေကတော့ စစ်ရှောင်နေလို့ လူထိခိုက်မှု မရှိဘူးလို့တော့ သိရတယ်။ စစ်တပ်စစ်ကြောင်းက အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေရဲ့ အရှေ့ဘက် သစ်ဆိမ့်ရွာမှာ အထိုင်ချနေတာ ၇ လလောက် ရှိနေပြီ။ ရှေ့ဆက်တိုး တာတွေ ဘာတွေလည်း မရှိဘူး။ အဲဒီ အထိုင်စစ်ကြောင်း လှုပ်ရှားဖို့ လေကြောင်းကနေ မကြာခဏ ပစ်ကူပေးနေတာ ဖြစ်နိုင်တယ်။ တိုက်ပွဲတွေကတော့ တင်းမာနေတယ်လို့ပဲ ပြောလို့ ရမယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိကြတဲ့ ငါးပတ်ချောင်းကျေးရွာ အနောက်မြောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ တာကြောင့် အသက် ၇၆ နှစ်အရွယ် ဦးသန်းလွင် ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့သလို ဇူလိုင် ၃၁ ရက်နေ့မှာပဲ အဆိုပါကျေးရွာဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ထပ်မံပြုလုပ်ခဲ့ကာ မင်းကုန်းကြီးကျေးရွာ အနီးကိုလည်း ဇူလိုင် ၃၁ ရက်နဲ့ သြဂုတ် ၂ ရက်နေ့တွေမှာ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ဒေသခံ ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။










