DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ချင်းမိုင်တွင် ရှမ်းအမျိုးသမီး ၁ ဦးအား သတ်ပြီး အိမ်သာထဲဝှက်ထားသူကို ဖမ်းမိ
DVB
·
June 2, 2026
Photo: Chiangmai News
Photo: Chiangmai News
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့ထဲမှာ ပြီးခဲ့တဲ့လက ရှမ်းအမျိုးသမီးတယောက်ကို သတ်ဖြတ်ပြီး အိမ်သာထဲ သော့ခတ်သိုဝှက်ထားသူကို မြန်မာရဲတပ်ဖွဲ့က ရှမ်းပြည်နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းမိုင်မြို့၊ ဆန်ဖီဆေ့ရပ်ကွက်ထဲမှာ မေ ၁၆ ရက်က နန်းခမ်းအိမ် ဆိုသူ ရှမ်းအမျိုးသမီး တယောက်ရဲ့ အလောင်းကို တွေ့ရှိတာနဲ့ပတ်သက်ပြီး သူနဲ့ နောက်ဆုံးအတူနေသွားခဲ့တဲ့ ရှမ်းရွှေ့ပြောင်းလုပ်သား စိုင်းဆု (အသက် ၄၆ နှစ်) ကို တာဝန်ရှိသူတွေက သံသယအရှိဆုံး တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ထားကာ လိုက်လံရှာဖွေနေခဲ့ပါတယ်။

သူဟာ ရှမ်းပြည်ဘက်ကို ထွက်ပြေးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ထိုင်းရဲတပ်ဖွဲ့က မြန်မာ စစ်အာဏာရှင် ရဲတပ်ဖွဲ့ကို ပူးပေါင်းရှာဖွေ ဖမ်းဆီးပေးဖို့ အကြောင်းကြားထားတယ်၊ မနေ့ ဇွန် ၁ ရက် မနက်စောစောမှာတော့ ရဲတပ်ဖွဲ့က စိုင်းဆုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း အကြောင်းကြားလာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံကို တာချီလိတ်-လွိုင်လင် လမ်းကြောင်းကနေ ကျိုင်းတောင်းမြို့ကို အသွား လမ်းခုလတ်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တာဖြစ်တယ်၊ ဒါကြောင့် မနက်ပိုင်းမှာပဲ အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ စိုင်းဆုကို သွားရောက်ခေါ်ဆောင်ပြီး ချင်းမိုင်၊ မဲ့ပင်းနယ်မြေ ရဲစခန်းမှာ ထပ်မံစစ်ဆေးခဲ့တယ်လို့ မဲ့ပင်းနယ်မြေရဲစခန်းက ဇွန် ၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

စိုင်းဆုက နန်းခမ်းအိမ်ကို လည်ပင်းညှစ်သတ်မိကြောင်း ဝန်ခံခဲ့တယ်၊ မေ ၁၆ ရက် ညနေပိုင်းက သူဟာ ပါခွယ်ဈေးထဲမှာ ဈေးရောင်းနေစဉ် သူက ထီပေါက်လို့ ဘီယာတိုက်မယ်ဆိုပြီး ဖုန်းကနေ ခေါ်ဆိုခဲ့တယ်၊ သူလည်း ဈေးသိမ်းပြီး ဆိုင်ကယ်နဲ့ သူ့ကို မယ်ကျို့နေအိမ်မှာ သွားကြိုပြီး ဆန်ဖီဆေ့မှာရှိတဲ့ သူ့အငှားအိမ်ခန်းကို ခေါ်ဆောင်ခဲ့တယ်၊ နှစ်ယောက်သား ဘီယာသောက်တယ်၊ သူက ဘီယာတပုလင်း၊ စပိုင်တပုလင်း ကုန်သွားတဲ့အခါ မူးပြီး သူ့ကို မြှူဆွယ်တယ်လို့ ဆိုပါတယ်။

စိုင်းဆုက သူဟာ ခန္ဓာကိုယ်က ယောကျ်ားဖြစ်ပေမဲ့ စိတ်က မိန်းမဖြစ်တယ်၊ မိန်းမတွေကို မကြိုက်ဘူးလို့ ပြောတယ်၊ သူက သူ့ကို လင်မတော်ရကောင်းလားဆိုပြီး စိတ်ဆိုးတော့ နှစ်ယောက်သား စကားများ ရန်ဖြစ်တယ်၊ ပထမအကြိမ် သူကစပြီး သူ့ကို လည်ပင်းညှစ်ဖို့ လုပ်တယ်၊ သူကလည်း ပြန်ညှစ်မလို့ လုပ်တယ်၊ ပြီးတော့ ပြေလည်အောင် ပြန်ညှိနှိုင်းကြပါတယ်။

ဒုတိယအကြိမ်မှာ သူက သူ့ခန္ဓာကိုယ်ကို ရေချိုးတဘက်နဲ့ အတင်းရစ်ပတ်လို့ စိတ်ဆိုးပြီး လည်ပင်းညှစ်လိုက်ပါတယ်၊ သူ သေဆုံးသွားတာသိတော့ သူလည်း လန့်ပြီး အိမ်သာထဲ ဆွဲထည့်ကာ အပြင်ကနေ သော့ခတ်လိုက်တယ်၊ ပြီးတော့ အဝတ်အစား ၂ စုံ ၃ စုံယူပြီး ချက်ချင်း ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

သေဆုံးသူက စကားမပြောနိုင်တော့တာကြောင့် တာဝန်ရှိသူတွေက သူ့ထွက်ဆိုချက်တွေကို အလုံးစုံ မယုံကြည်ဘဲ ဖြစ်ရပ်မှန် ဆက်လက်စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက စိုင်းဆု လူသတ်မှုကျူးလွန်ခဲ့ပုံတွေကို အစအဆုံး သရုပ်ပြ ပြန်လုပ်ခိုင်းတယ်၊ သူဟာ တာချီလိတ်ဘက်ကမ်းကို မကူးခင် မယ်ဆိုင်မြို့က သူငယ်ချင်းဖြစ်သူ စိုင်းလိုင်ရဲ့အိမ်မှာ တည်းခိုသွားတယ်၊ တာဝန်ရှိသူတွေက စိုင်းလိုင်ကို အလိုတူအလိုပါအဖြစ် သွားရောက် ဖမ်းဆီးတာမှာ သမီးဖြစ်သူကိုသာ တွေ့လို့ ဆက်လက်ရှာဖွေ ဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။

စိုင်းဆုဟာ မိုင်းကိုင်မြို့နယ်ရှိ ရွာတရွာကဖြစ်ပြီး ချင်းမိုင်၊ ဆန်ဖီဆေ့ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်း တကျောင်းမှာ ခြံအလုပ်သမား လုပ်နေသူ ဖြစ်ပါတယ်။

နန်းခမ်းအိမ်ကတော့ မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ရွာကဖြစ်ပြီး ကြုံရာအလုပ်လုပ်တယ်၊ နှစ်ယောက်သား ဖေ့စ်ဘွတ်ခ်ပေါ်ကနေ သိကျွမ်းရင်းနှီးခဲ့တယ်၊ သူဟာ အသက် ၆၀ ခန့်ရှိပြီဖြစ်ပြီး သားနဲ့ ချွေးမရှိတယ်၊ မြေးပါရှိနေပြီး သူ့မိခင်ဟာ စိုင်းဆု ထွက်ဆိုသလို လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်၊ အမေကို သတ်တဲ့အတွက် ထိရောက်တဲ့ပြစ်ဒဏ်ပေးစေလိုတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ထိုင်းရဲတပ်ဖွဲ့က စိုင်းဆုကို ဆန်ဖီဆေ့ရပ်ကွက်ထဲမှာ ပိုက်စိပ်တိုက်ရှာဖွေစဉ် ဥပဒေနဲ့မညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Source: Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013