
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယို့ဒ်မြို့နယ်ထဲမှာ တောင်ပေါ်တိုင်းရင်းသား လက်မှတ်ကိုင်ဆောင်သူတွေကို မြေယာခွဲဝေချထားပေးမယ်လို့ လိမ်လည်ပြီး တယောက်ကို ဘတ်ငွေ ၂,၅၀၀ စီ ကောက်ခံမှုဖြစ်ပွါးကြောင်း ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မြေယာခွဲဝေချထားပေးမဲ့အကြောင်း ဆိုင်းယို့ဒ်မြို့နယ်၊ လူမ်ဆုမ့်ကျေးရွာအုပ်စု နယ်မြေ ၃ , ၆ နဲ့ ၉ ထဲမှာ လိုက်လံကြေညာထားပြီး တအိမ်ထောင်ကို ဘတ်ငွေ ၂,၅၀၀ ကျလာရောက်ပေးသွင်းကြဖို့ ၂၀၂၆ ဩဂုတ် ၁၃ ရက်မှာ ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စ ဆိုင်းယို့ဒ်မြို့နယ်အုပ်ချုပ်ရေးရုံးက သိရှိသွားပြီး မြို့နယ်ဦးစီးမှူး၊ နယ်မြေခံ လုံခြုံရေး ကောင်စီတပ်ဖွဲ့ဝင်၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ချိန်းဆိုထားတဲ့ နယ်မြေ ၆ ရပ်ကွက်ထဲ ရောက်လာကြတယ်။
အဆိုပါနေရာမှာ မွန်နဲ့ ကရင်တိုင်းရင်းသား ရွာသားပေါင်း ၅၀ - ၆၀ လောက် ရောက်ရှိစုဝေးနေသလို ငွေကောက်ခံသူလည်း ရောက်ရှိနေပါတယ်။
မြို့နယ်ဦးစီးမှူးက တာဝန်ရှိသူတွေ စစ်ဆေးချက်အရ ဆိုင်းယို့ဒ်မြို့နယ်ထဲမှာ မြေယာခွဲဝေပေးမဲ့ စီမံကိန်းမရှိတဲ့အကြောင်း ရွာသားတွေကို ရှင်းပြခဲ့တယ်။
အဲဒီနောက် ငွေကြေးကောက်ခံဖို့ ရောက်ရှိနေတဲ့ နန်းဒုံးဒိန်းနဲ့ နန်းယုဆိန်းတို့ကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူဖို့ ဆိုင်းယို့ဒ်မြို့နယ် ရဲစခန်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံလိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Kanchanaburi News











