ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်သူနှင့် နေထိုင်သူ ၈၀ နီးပါး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ နိုဝင်ဘာ ၂၆ ရက်က ဥပဒေနဲ့ မညီညွတ်သူတွေ စုစုပေါင်း အယောက် ၈၀ နီးပါး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
နယ်မြေတွင်း တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ဝင်ရောက်နေထိုင်သူနဲ့ ဥပဒေချိုးဖောက်သူတွေ နှိမ်နင်းရေး ထိုင်းအမျိုးသားရဲချုပ်ကြီး ဆမ်ရန်း နွန်းမားရဲ့ ညွှန်ကြားချက်အရ ကန်ကျနပူရီ လဝက ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ပြည်တွင်းလုံခြုံရေးကောင်စီနဲ့ အထွေထွေ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့မနက် ၇ နာရီကစပြီး ကန်ကျနပူရီမြို့၊ ပါက်ဖရက်ရပ်ကွက်၊ ယင့်ကျရွန်းဆပ်လမ်းထဲရှိ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သား စုဝေးနေထိုင်ရာ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့တယ်။
စစ်ဆေးချက်အရ ဥပဒေနဲ့ မညီညွတ်သူ အယောက် ၄၀ တွေ့ရှိပြီး အဲဒီထဲမှာ တရားမဝင် နိုင်ငံခြားသားတွေ လက်ခံထားသူ၊ ၂၄ နာရီတွင်း ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်သူ ထိုင်းနိုင်ငံသား တယောက်၊ အထောက်အထားမရှိဘဲ နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူ ၂၅ ယောက်၊ အိုဗာစတေး (နေထိုင်ခွင့်ဗီဇာကုန်ဆုံးသူ) ၇ ယောက်နဲ့ နေရပ်လိပ်စာ သတင်းပို့ဖို့ ပျက်ကွက်သူ ၇ ယောက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင် နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီကျော်ကလည်း ဆန်ခလပူရီမြို့နယ် အုပ်ချုပ်ရေး၊ နမ့်ကစ် နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တာဝန်ရှိသူတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဆန်ခလပူရီ မြို့နယ် မြန်မာနယ်စပ်တလျှောက် လုံခြုံရေး ကင်းလှည့်စစ်ဆေးတာမှာ တောတွင်းတနေရာမှာ လူတစု ထိုင်နေတာကို တွေ့ရှိတယ်။
စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်ခွင့် အထောက်အထားလည်း မပြနိုင်၊ ထိုင်းဘာသာစကားလည်း နားမလည်တဲ့ မြန်မာနိုင်ငံသား ၃၆ ယောက် (အမျိုးသား ၂၄ ယောက်၊ အမျိုးသမီး ၁၂ ယောက်) တို့ ပါဝင်ပြီး အဲဒီထဲက အသက် ၁၈ နှစ်အရွယ် ဇေမင်းထွန်း က လမ်းပြလို့ ဆိုပါတယ်။
ဘာသာပြန်ကတဆင့် စစ်ဆေးရာမှာ သူတို့တွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ် ကျေးလက် တောရွာက လာပြီး ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားက တနေရာတည်းစုပြီး ခေါ်လာတာ ဖြစ်တယ်၊ မြန်မာပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဖြစ်ချင်ရာဖြစ် စွန့်စားပြီး ထွက်လာကြတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝက ဥပဒေနဲ့ အရေးယူဖို့ ဆန်လရပူရီနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Source: Kanchanaburi News / Jo Cho News











