
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ရှိ နေအိမ်တလုံးမှာ တရားမဝင် ဝင်ရောက် နေထိုင်တဲ့ မြန်မာနိုင်ငံသား ၇ ယောက် ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီအခြေစိုက် အမှတ် ၁၃၄ နယ်ခြားစောင့်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၆ ရက်က နယ်မြေထဲမှာ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ဝင်ရောက်လာသူတွေ ရှာဖွေစစ်ဆေးရေးတွေ ဆောင်ရွက်စဉ် မွန်းတည့် ၁၂ နာရီလောက်ရောက်တော့ နိန်းယောဝ်းတောင်ကုန်းရှည် မရောက်ခင် လမ်းဘေးက အိမ်နံပါတ်မရှိတဲ့ နေအိမ်တလုံးမှာ မသင်္ကာဖွယ် လူတစု ဝင်ရောက်နေထိုင်နေတာ တွေ့လို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဘာသာပြန်နဲ့ မေးမြန်းရာမှာ အသက် ၂၇ နှစ်ရွယ် အမျိုးသားပြောပြချက်အရ သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်းနိုင်ငံထဲ တရားဝင်နေထိုင်ခွင့် အထောက်အထားတစုံတရာမရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေက သူတို့ကို ဖမ်းဆီးလိုက်ပြီး နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ထံ ဆက်လက်လွှဲပြောင်းပေးလိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: kanchanaburi News











