ကန်ကျနပူရီ၌ တရားမဝင် ထိုင်းမှတ်ပုံတင် ၁၄ ခု ပယ်ဖျက်ခံရ

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုဒ်မြို့နယ်ထဲမှာ မမှန်မကန်အချက်အလက်တွေ တင်ပြပြီး မသမာတဲ့နည်းနဲ့ ရရှိလာတဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင် ၁၄ ခုကို ပြန်လည်ပယ်ဖျက်လိုက် တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဝေါလ်ဆစ် လျိန်းပရဆစ်က နိုဝင်ဘာ ၂၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဆိုင်းယုဒ်မြို့နယ်ထဲမှာ မသမာနည်းနဲ့ မှတ်ပုံတင်ရယူထားတာတွေကိုတွေ့ရှိခဲ့ပြီးနောက် “ဆိုင်းယုဒ် အခွင့်အရေးရုပ်သိမ်းခြင်း” ဆိုတဲ့ စစ်ဆင်ရေးနဲ့ နောက်ထပ်စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက် ခဲ့တယ်။
မြို့နယ်ထဲက သန်းခေါင်စာရင်းတွေကို ၂၀၁၀ ပြည့်နှစ်ထိ ( ၆ နှစ် ) နောက်ကြောင်းပြန် ပြန်လည် စစ်ဆေးချက်အရ နိုင်ငံသားဖြစ်ခွင့်အတွက် မွေးစာရင်းတွေမှာ ထောက်ခံပေးသူ၊ အသိသက်သေ အမည်စာရင်းတွေ ထပ်နေတယ်၊ ဥပဒေနဲ့ မညီညွတ်ဘဲ လုပ်ဆောင်ထားတယ်လို့ ယူဆရတဲ့ မှတ်ပုံတင်စာရင်း ၄၁၇ ခုကို တွေ့ရှိတယ်။ အဲဒီထဲက ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိ စာရင်း ၁၄ ခုကို ပယ်ဖျက်ပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သူ နိုင်ငံခြားသား ၁၄ ယောက်ကို တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာမှာ လက်ရှိ ၉ ယောက်ကို ဖမ်းဆီးရမိပြီး ကျန်တဲ့ ၅ ယောက် ကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
သံသယရှိ ဆိုင်းယုဒ်မြို့နယ် မှတ်ပုံတင်စာရင်းတွေထဲက နောက်ထပ် ၄၀၃ ခုအပြင် ကန်ကျနပူရီ တခရိုင်လုံးမှာရှိတဲ့ မှတ်ပုံတင်စာရင်း ၉၀၀ ကျော်ထိ တိုးချဲ့စစ်ဆေးဖို့ ကော်မတီတရပ် ဖွဲ့စည်း ထားပြီးဖြစ်တယ်။
အဂတိလိုက်စားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တာဝန်ဝတ္တရားမှ ချထားပြီး ထိထိ ရောက်ရောက် အရေးယူသွားမယ်၊ ထောက်ခံပေးသူ သက်သေလိုက်ပေးသူ အရပ်သားတွေလည်း ဥပဒေအရ အရေးယူခံရမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
ဒီမတိုင်ခင်က ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စီအိုင်စခန်းရုပ်သိမ်းပေးရေး အပါအဝင် တခြားအခွင့်အရေးတွေအတွက် ဦးဆောင်လှုပ်ရှား ဆန္ဒပြသူ Bright Future အဖွဲ့ ခေါင်းဆောင် ကိုစူရတ် ခေါ် နိုင်းဝီရ ဆိုင်ထောင်း ဆိုသူမှာ ထိုင်းအမျိုးသားရေးအစွန်းရောက် မျိုးချစ်အဖွဲ့တွေရဲ့ တိုင်ကြားမှုကိုခံခဲ့ရပြီး သူ့ရဲ့ မှတ်ပုံတင်အထောက်အထားတွေပါ စစ်ဆေးခံခဲ့ ရပါတယ်။
စစ်ဆေးချက်အရ သူ့ရဲ့ ထိုင်းမှတ်ပုံတင် မွေးစာရင်းမှာ ဆိုင်းယုဒ်မြို့နယ်မှာ မွေးဖွားတယ်ဆိုပေမဲ့ သက်သေအထောက်အထားတွေဟာ မမှန်ကန်ဘဲ မသမာတဲ့နည်းနဲ့ ရယူထားတာကြောင့် ၂၀၂၆ နိုဝင်ဘာ ၁၃ ရက်က ဖမ်းဆီးကာ အာမခံမရဘဲ လက်ရှိ ကန်ကျနပူရီတရားရုံးမှာ အမှု ရင်ဆိုင် နေရပါတယ်။
အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် ဆိုင်းယုဒ်မြို့နယ်ရုံး မှတ်ပုံတင်စာရင်းတွေ ပြန်လည်စစ်ဆေးအရေးယူမှု တွေ ဖြစ်ပေါ်လာတာပါ။
Source: ထိုင်းပြည်ထဲရေး ပြန်ကြားရေးဌာန / ThaiPBS News











