DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်မှတ်ပုံတင်ကိုင်ဆောင်မှု၊ ငွေကြေးခဝါချမှုများဖြင့် တရုတ်နှင့် မြန်မာ ၂၄ ဦး ဖမ်းဆီးခံရ
DVB
·
October 12, 2026
Photo: Ejan News
Photo: Ejan News
Donate to DVB

ထိုင်းမြောက်ပိုင်းနဲ့ ဘန်ကောက်မှာ တရားမဝင် ထိုင်းမှတ်ပုံတင်နဲ့ ၁၀ နှစ်ခံ (နိုင်ငံမဲ့ကတ်) ကိုင်ဆောင်မှု၊ တုပမှု၊ ငွေကြေးခဝါချမှုတွေ စစ်ဆေးနှိမ်နင်းရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် စုစုပေါင်း ၂၄ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းမှတ်ပုံတင်ကတ်နဲ့ ၁၀ နှစ်ခံ (နိုင်ငံမဲ့သူ) ကတ်တွေ တရားမဝင်ကိုင်ဆောင်မှု၊ လုပ်ဆောင်မှုတွေကို Operation Northern Shadow မြောက်ပိုင်း အရိပ် နှိမ်နင်းရေးစီမံချက်နဲ့  နှိမ်နင်းတာမှာ ချင်းရိုင်းနဲ့ ဘန်ကောက်ဖြစ်စဉ် ၄ ခုမှ တရုတ်နဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ ရဲချုပ် နုပ်ဖဆင် ဖွန်းဆဝပ်က အောက်တိုဘာ ၉ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ပထမဖြစ်စဉ်မှာ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်အတု ကိုင်ဆောင်ပြီး တပါးသူတွေကိုလည်း မှတ်ပုံတင်ကတ်အတုရအောင် ဆက်သွယ်ဆောင်ရွက်ပေးတဲ့ တရုတ်အမျိုးသားနဲ့ ထိုင်းဖခင်အတု သုံးပြီး ထိုင်းမှတ်ပုံတင်ရယူထားတဲ့အမှု ဖြစ်ပါတယ်။

ဒီမတိုင်ခင်က ထိုင်းမှတ်ပုံတင်ကတ်ကိုင်ဆောင်သူ နိုင်းအိလုံ ရှဲ့ကျန်း ဆိုသူ တရုတ်အမျိုးသားဟာ တရုတ်မိန်းမနဲ့ ၁၃ နှစ်အရွယ် သားဖြစ်သူ (ထိုင်းမှတ်ပုံတင်ကတ်ရှိ) တို့နဲ့ တရုတ်ပြည်သွားဖို့ နိုင်ငံကူးလက်မှတ် သွားလုပ်ပါတယ်။

ကလေးဟာ အရွယ်မရောက်သေးတာကြောင့် မိဘ အုပ်ထိန်းသူပါမှ ခရီးသွားလို့ရမှာ ဖြစ်တယ်။ ဒီအန်အေ စစ်ရာမှာ နိုင်းအိလုံနဲ့ သူ့မိန်းမဟာ ကလေးမိဘအရင်း ဖြစ်တယ်။ ကလေးရဲ့ မှတ်ပုံတင်ထဲမှာတော့ ကလေးရဲ့ဖခင်ဟာ နိုင်းအိလုံ မဟုတ်ဘဲ နိုင်းဝုတ်တိချိုင်း ဆိုသူ ထိုင်းတယောက် ဖြစ်နေတယ်။ ကလေးဟာ ထိုင်းနိုင်ငံသားဖြစ်ဖို့ ဖခင်အတုကို သုံးထားတယ်။ ကလေးအဖေရင်း နိုင်းအိလုံဟာလည်း ဇာတိက ထိုင်းမြောက်ပိုင်း ချင်းဒေါင်းမြို့နယ်မှာလို့ ပြောပြီး  ထွက်ဆိုချက်တွေ ရှေ့နောက်မညီဘူး။ သူတို့မိသားစုဟာ ဘန်ကောက် ဝမ်ထောင်းလန်နယ်မြေထဲမှာ တလကို ဘတ် ၁ သိန်းခွဲတန် ဇိမ်ခံအိမ်ရာ ငှားရမ်းနေထိုင်တယ်။ တရုတ်ပြည်က ကုန်ပစ္စည်းတွေ တင်သွင်းရောင်းချတဲ့အပြင် တရုတ်ခရီးသွား ဧည့်ကြိုလုပ်ငန်း လုပ်ကိုင်တယ်၊ ကုမ္ပဏီ ၂ ခုရှိတယ်။ လည်ပတ်ငွေ ဘတ်သန်းပေါင်း ၁၀၀ ကျော်ရှိပြီး  မြေဂရန်တွေအပါ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း  ၅၈၀ ကျော်ရှိတယ်။ အိလုံရဲ့ဖုန်းထဲမှာ တရုတ်နိုင်ငံသားတွေကို ထိုင်းမှတ်ပုံတင်ကတ်၊ တောင်ပေါ်သားကတ်တွေ လုပ်ပေးမယ်၊ သုည ဂဏန်းနဲ့စတဲ့ မှတ်ပုံတင်လုပ်လိုက ဘတ် ၁၂၀,၀၀၀ ကုန်ကျမယ်လို့ ဆက်သွယ်ပြောဆိုထားတဲ့ သက်သေတွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ကလေးမိဘနဲ့ ထိုင်းဖခင်အတုတို့ကို ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

ဒုတိယဖြစ်စဉ်မှာ နိုင်းလုံ ခေါ် SAI LONE AYE (၃၂ နှစ်) ဆိုသူ ဆယ်နှစ်ခံကတ် (နိုင်ငံမဲ့စိစစ်ရေးကတ်) ကိုင်ဆောင်သူမှာ ထိုင်းဘတ်ငွေ ၂၃ သန်းကို မြန်မာဘက်ခြမ်းကို တရားမဝင် သယ်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရတယ်။ သူ့ရဲ့အမှု နောက်ဆက်တွဲ စစ်ဆေးချက်အရ အဆိုပါငွေတွေဟာ မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်နေတယ်၊ သူဟာ မြန်မာနိုင်ငံသားဖြစ်ပြီး ဒီမတိုင်ခင်က မဲဆိုင် တောင်ပေါ်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်ရင်း အဆိုပါ မှတ်ပုံတင်ကတ် ရခဲ့တယ်။ တာဝန်ိရှသူတွေက ကျောင်းတိုက်ကို သွားရောက်စစ်ဆေးရာမှာ တရားမဝင်နည်းနဲ့ ဆယ်နှစ်ခံကတ် ကိုင်ဆောင်တဲ့ အထောက်အထားမဲ့ ဦးဇင်း၊ ကိုရင် ၁၉ ပါး တွေ့ရှိပြီး လူဝတ်လဲ ဖမ်းဆီးထားတယ်။ ဒီဖြစ်စဉ်ကနေ ချင်းရိုင်းခရိုင် ဝိန်းကဲန်မြို့နယ်ရုံးမှ မှတ်ပုံတင်အရာရှိ၊ ပွဲစား၊ အိမ်ရှင်နဲ့ မှတ်ပုံတင်တု ကိုင်ဆောင်သူ စုစုပေါင်း ၃၅ ယောက် ပါဝင်ပတ်သက်နေတယ်၊ တရားရုံးက ဖမ်းဝရမ်း ၁၅ စောင် ထုတ်ထားတယ်လို့ ဆိုပါတယ်။

တတိယအမှုမှာ တရုတ်အစိုးရက အလိုရှိနေတဲ့ မစ္စတာလီ LI ZHIJUN ခေါ် ထိုင်းလူး (၄၄ နှစ်) ဆိုသူ ဝရမ်းပြေးတယောက်နဲ့ ပတ်သက်တယ်။ သူဟာ တရုတ်ပြည်မှာ နစ်နာသူ ၃,၀၀၀ ကျော်ရဲ့ ဘတ်ငွေ သန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ တရုတ်ငွေတွေ လိမ်လည်မှုနဲ့ ထိုင်းကို ထွက်ပြေး ပုန်းရှောင်လာတာ ဖြစ်တယ်။ ထိုင်းမှာ ဆယ်နှစ်ခံကတ် (နိုင်ငံမဲ့စိစစ်ရေးကတ်) ဝယ်ယူကိုင်ဆောင်ထားတယ်။ တာဝန်ရှိသူတွေက သူ့ရဲ့ ဆယ်နှစ်ခံမှတ်ပုံတင်ကို စစ်ဆေးတာမှာ အိမ်ထောင်စုဇယားက မယ်ဆိုင်မြို့နယ်ထဲမှာ ဖြစ်တယ်၊ အဲဒီအိမ်ထောင်စုမှာ နိုင်ငံခြားသား ၇ ယောက် ပါနေတာကြောင့် အိမ်ရှင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သံသယရှိသူတွေကို ဆက်လက်စစ်ဆေးနေတယ်။ မစ္စတာလီ ကိုတော့ ထိုင်းမှာ ပြစ်ဒဏ်ကျခံပြီးရင် တရုတ်အာဏာပိုင်လက်ထဲ ပြန်အပ်နှံမယ်လို့ ဆိုပါတယ်။

စတုတ္ထအမှုမှာလည်း မစ္စတာ ကွီယု GUO YU (၄၇ နှစ်) ဆိုသူ တရုတ်ဝရမ်းပြေးတယောက် ဖြစ်တယ်။ သူဟာ တရုတ်ပြည်မှာ တရားမဝင် ငွေကြေးလက်ခံမှုနဲ့ တရုတ်ရဲက ဖမ်းဝရမ်း ထုတ်ထားတယ်။ သူဟာ ချင်းရိုင်းခရိုင် ဝိန်းကဲန်မြို့နယ်က ၈ ဂဏန်းနဲ့စတဲ့ ထိုင်းမှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ သူဟာ အဲဒီမှတ်ပုံတင်နဲ့ အိမ်ခြံမြေ၊ မော်တော်ကားကုမ္ပဏီတွေ ပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကို သွားခဲ့တယ်၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့လည်း ဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီအမှု ၄ မှုစလုံးမှာ မသမာတဲ့နည်းနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ထည့်သွင်းတာ၊ မသမာတဲ့နည်းနဲ့  ဆယ်နှစ်ခံ (နိုင်ငံမဲ့) ကတ်ပြားနဲ့ ထိုင်းမှတ်ပုံတင်လုပ်တာ၊ နိုင်ငံခြားသားတွေအနေနဲ့ အဆိုပါကတ်တွေနဲ့ စီးပွားရေးလုပ်တာ၊ အိမ်ခြံမြေ ဝယ်ယူပိုင်ဆိုင်တာတွေ ရှိနေတယ်၊ ဒါ့အပြင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ဝရမ်းပြေးတွေလည်း ပါနေတာကြောင့် နိုင်ငံတော်လုံခြုံရေးကိုပါ  ထိပါးတဲ့အမှုတွေ ဖြစ်ပါတယ်။

လဝက ရဲတပ်ဖွဲ့ အနေနဲ့လည်း အုပ်ချုပ်ရေးဌာန အပါအဝင် တခြား ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး မသမာမှုနဲ့ အိမ်ထောင်စုစာရင်းလုပ်တဲ့ ကွန်ရက်တွေကို ဆက်လက်စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Source: Ejan News / Thai Police / Workpoint News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013