
အမေရိကန်ပြည်ထောင်စု၊ ယူတား-ကော်လိုရာဒိုပြည်နယ်တွေရဲ့ နယ်စပ်တလျှောက် လောင်ကျွမ်းနေတဲ့ ဆနိုင်ဒါတောမီးကို ငြှိမ်းသတ်ဖို့ သွားရင်း မီးသတ်သမား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ အမေရိကန် တောရိုင်းမီးသတ်ဌာနက ပြောပါတယ်။
ကော်လိုရာဒို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျရဒ်ပိုလစ်စ်က ဒီတောမီးအတွက် အရေးပေါ် ဘေးအန္တရာယ်တုံ့ပြန်မှု ဇွန် ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ ကော်လိုရာဒို အမျိုးသားအစောင့်တပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးလိုက်ပါတယ်။
ကော်လိုရာဒို ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ မီးလောင်ပြင် အကျယ်အဝန်းဟာ ဧက ၂၈,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး မီးကို လုံးဝ မထိန်းချုပ်နိုင်သေးပါဘူး။
ဒီတောမီးဟာ စနေနေ့မနက်ပိုင်းက ယူတားပြည်နယ်အရှေ့ပိုင်း ဂရန်းခရိုင်မှာ ဆနိုင်ဒါ မေဆာ မီးဘေးအဖြစ် စတင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ကော်လိုရာဒိုဘက်ကို ကူးစက်သွားပြီး အဲဒီကမှ မယ်ဆာခရိုင်ထဲက အသေးစား ဂျုံးစ် မီးလောင်မှုနဲ့ နိုးလ်စ်မီးလောင်မှုတွေနဲ့ ပေါင်းမိသွားတာကနေ ဆနိုင်ဒါတောမီးကြီး ဖြစ်လာခဲ့တာပါ။
ကော်လိုရာဒိုပြည်နယ် မယ်ဆာခရိုင်ထဲက လူဦးရေနည်းတဲ့ လူမှုအသိုက်အဝန်းငယ်လေးတွေ အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Source: Reuters










