
မေ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။
လက်ရှိမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ကမ္ဘာတဝန်း ခြိမ်းခြောက်ခံနေရပြီး နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၆၆ မှာ ရှိနေကာ စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းသမားပေါင်း ၂၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ ၄၇ ယောက်ဟာ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ပြဒေသတွေမှာ သတင်းထောက်တွေဟာ အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ စိုးရိမ်စိတ်တွေကြားကနေ သတင်းရယူနေရတာပါ။
ပြည်တွင်းမှာရှိတဲ့ သတင်းထောက်တယောက်က “စိုးရိမ်မှုတွေကတော့ အများကြီးရှိတာပေါ့၊ စိုးရိမ်မှုထဲမှာ နံပါတ် ၁ အရေးကြီးဆုံးက လွတ်လွတ်လပ်လပ် မရှိဘူး။ ဘယ်အချိန်မှာ အဖမ်းခံရမလဲဆိုတာကို တွေးနေရတယ်ပေါ့နော်။ သူတို့ရဲ့ ထိန်းချုပ်တဲ့နေရာမှာ နေရတာ ဖြစ်တဲ့အတွက် သူတို့ ဖမ်းလိုက်ရင် ဘာမဆို ဖြစ်သွားနိုင်တယ်ပေါ့လေ၊ သူတို့နဲ့ မတွေ့အောင် ရှောင်ရှားနေရတာ များတယ်။ လွတ်လွတ်လပ်လပ် မရှိဘူး။ သတင်းတွေ လုပ်ရတဲ့အခါမှာလည်း အရင်တုန်းကလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားလို့မရဘူး။ နာမည်တွေ မျိုးစုံသုံးပြီး သတင်းယူရတယ်၊ လုပ်ရတယ်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ဘယ်ဌာနက ဘယ်သတင်းထောက်ပါလို့ ပြောပြီးတော့ သတင်းလုပ်လို့ရတဲ့ အနေအထားမှာ ရှိမနေဘူးပေါ့နော်” လို့ ပြောပါတယ်။
မြို့ပြမှာသာမက လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ ဒေသတွေမှာလည်း သတင်းသမားတွေဟာ အသက်ဘေးအန္တရာယ်ကို ရင်းပြီး သတင်းရယူနေကြရတာပါ။
ကရင်နီပြည်နယ်မှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက် အိန္ဒြေစိုးဇင်ကတော့ လေကြောင်းရန်၊ မြေမြှုပ်မိုင်းနဲ့ အင်တာနက်ပြတ်တောက်မှု စတဲ့ စိန်ခေါ်မှုတွေကြားကနေ သတင်းလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
“စစ်တပ်က လေကြောင်းကနေ နေရာမရွေး၊ အချိန်မရွေး လာရောက်ဗုံးကြဲနိုင်တယ်။ နောက်တချက်က စစ်မြေပြင်နဲ့နီးတဲ့ နေရာတွေပေါ့နော်၊ စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို သွားတဲ့အခါမျိုးမှာ မြေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေ ဒီအန္တရာယ်တွေလည်း စိုးရိမ်ချက်တွေ ရှိပါတယ်။ နောက်တခုက လက်နက်ကိုင် အဖွဲ့တွေကြားထဲမှာ သတင်းယူနေရတဲ့ သတင်းရေးနေရတဲ့အခါမျိုးမှာဆိုရင် လက်နက်ကိုင်တပ်အချင်းချင်းဖြစ်တဲ့ ပဋိပက္ခတွေပေါ့နော်၊ အဲ့ဒီအခါမျိုးမှာ သတင်းတပုဒ်ရေးဖို့ကို တော်တော်လေး စဉ်းစားရပါတယ်။ ဘာကြောင့် စဉ်းစားရတာလဲဆိုရင် ကျနော်တို့ကို ဒီသတင်းအပေါ်မှာကိုပဲ မကျေနပ်တဲ့ အဖွဲ့ တဖွဲ့ဖွဲ့၊ မလိုလားတဲ့ဟာမျိုးရှိရင် သူတို့မလိုအပ်ရင် မလိုအပ်သလို ပြုမူလာနိုင်လို့ ဒီသတင်းတပုဒ်ရေးဖို့အတွက်ကို တော်တော်စဉ်းစားရပါတယ်”
ဒီလို အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပေမယ့်လည်း ပြည်တွင်းက သတင်းသမားတွေဟာ မြေပြင်က သတင်းမှန်တွေကို မှတ်တမ်းတင်နိုင်ဖို့နဲ့ ကမ္ဘာကသိရှိအောင် တင်ပြနိုင်ဖို့အတွက် ကိုယ်ပိုင်ဝါသနာနဲ့ ခံယူချက်တွေအပေါ် အခြေခံပြီး သတင်းအလုပ်ကို မစွန့်လွှတ်ဘဲ ဆက်လက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ပြည်တွင်းရှိ သတင်းထောက်တယောက်က “တခါတလေတော့လည်း စိုးရိမ်တယ်။ ကြောက်တယ်ပေါ့နော်။ ဒါပေမဲ့လည်း အဲဒီ စိုးရိမ်တဲ့ကြောက်တဲ့စိတ်ကို ငါက ဒါတွေကို မှတ်တမ်းအဖြစ် ထားခဲ့မှဖြစ်မယ်၊ ဒီဓာတ်ပုံတွေနဲ့ နောက်လူတွေကို ပြောပြနိုင်ဖို့၊ ဒီမတရားတာတွေကို လုပ်နေတဲ့ လူတွေအကြောင်း မှတ်တမ်းတင်ထားနိုင်ဖို့အတွက် ငါဒါတွေကို ဆက်လုပ်မှ ဖြစ်မယ်။ ဒီအလုပ်ကလည်း ကိုယ့်ရဲ့ တကယ့်ကို passion ဖြစ်တဲ့ (စွဲလန်းတဲ့) ရှင်သန်ရာအလုပ် ဖြစ်တယ်ဆိုတဲ့ ခံစားချက်နဲ့ ဒီအလုပ်ကို ဆက်လုပ်ဖြစ်နေတာ ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ကရင်နီစစ်မြေပြင် သတင်းထောက် အိန္ဒြေစိုးဇင်ကလည်း သတင်းလွတ်လပ်ခွင့်က သတင်းသမားတွေအတွက်တင်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လွတ်လပ်ခွင့်ရဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒါကြောင့် အခုလိုမျိုး စစ်တပ်ရဲ့ဖမ်းဆီးမှုတွေ၊ အန္တရာယ်တွေအမျိုးမျိုး ကြားထဲကမှ ပြည်တွင်းမှာရော၊ စစ်မြေပြင်မှာရော သတင်းယူနေတဲ့သတင်းသမားတွေကို ဒီနေ့လို စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ သူတို့ကို လေးစားရကြောင်း ပြောချင်ပါတယ်” လို့ ဆက်ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ယူကေနဲ့ နယ်သာလန်အစိုးရတို့က တိုက်တွန်းထားသလို၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
(၂၀၂၁ ခု ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးခဲ့သည့် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်။)











