DVB Logo
Home
မြန်မာသတင်း
VOA သတင်းသမားများ လုပ်ငန်းခွင်ပြန်ဝင်ရန်ကိစ္စ အယူခံတရားရုံးက ယာယီဆိုင်းငံ့
သုတချမ်းသာ
·
April 2, 2026
ဝါရှင်တန်ဒီစီ အယူခံတရားရုံး။ (Photo : သုတချမ်းသာ)
ဝါရှင်တန်ဒီစီ အယူခံတရားရုံး။ (Photo : သုတချမ်းသာ)
Donate to DVB

Voice of America (VOA) ဝန်ထမ်း ၁,၀၀၀ ကျော် မတ် ၂၃ ရက်ကစပြီး လုပ်ငန်းခွင် ပြန်ဝင်ရမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၊ ဖက်ဒရယ်တရားသူကြီး ရွိုက်စ် စီ လမ်းဘတ်သ် ထုတ်ပြန်ထားတဲ့အမိန့်ကို အယူခံတရားရုံးက ဒေသစံတော်ချိန် ဧပြီ ၁ ရက်မှာ ယာယီဆိုင်းငံ့လိုက်ပါတယ်။

မတ် ၁၇ ရက်က ထုတ်ပြန်ခဲ့တဲ့ တရားသူကြီး လမ်းဘတ်သ်ရဲ့အမိန့်ကို မကျေနပ်တာကြောင့် သမ္မတထရမ့်ပ်အစိုးရလက်အောက်ခံ  VOA ရဲ့ မိခင်အဖွဲ့အစည်း ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ USAGM က အယူခံတရားရုံးကို ဆက်တက်ခဲ့ပြီး အခုလိုရလဒ်ထွက်ပေါ်ခဲ့တာပါ။

တရားသူကြီး လမ်းဘတ်သ်ရဲ့အမိန့်ကို လိုက်နာဆောင်ရွက်ဖို့ ခက်ခဲကြောင်း အကြောင်းပြချက်ပေးပြီး အယူခံတရားရုံးက အခုလို ဆုံးဖြတ်ချက်ထွက်လာအောင် USAGM ဘက်က အချိန်ဆွဲခဲ့တာပါ။

VOA မြန်မာပိုင်း သတင်းတင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “အခု အယူခံတရားရုံးရဲ့ အမိန့်အရပေါ့နော် ကျမတို့ VOA အသံလွှင့်လုပ်ငန်းတွေ၊ သတင်းသမားတွေအားလုံး လုပ်ငန်းခွင် ပြန်ဝင်ဖို့ကိစ္စတွေကို ခေတ္တခဏရပ်ဆိုင်းထားတဲ့အတွက် တကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပရိသတ်တွေအတွက်တော့ ကျမတို့ သတင်းတင်ဆက်မှုတွေ ပျက်ကွက်နေပါတယ်။ နောက်တခုက အာဏာရှင်နိုင်ငံတွေက ထုတ်လွှင့်နေတဲ့ ဝါဒဖြန့်ချိရေးသတင်းတွေနဲ့ပတ်သက်ပြီးတော့ ကျမတို့ VOA က ဒါတွေကို သတင်းအချက်အလက်အမှန်တွေနဲ့ ပြန်ပြီးတော့ တိုက်ဖျက်တယ်ပေါ့၊ အခု ကျမတို့ မလုပ်နိုင်တဲ့အတွက် ဒီအာဏာရှင်နိုင်ငံတွေဘက်က ဝါဒဖြန့်ချိရေးသတင်းတွေက နေရာယူနေတယ် လို့ ပြောနိုင်ပါတယ်”လို့ ပြောပါတယ်။

ဖက်ဒရယ်တရားသူကြီး လမ်းဘတ်သ်ရဲ့ မတ် ၁၇ ရက် အမိန့်စာနဲ့အညီ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကိစ္စကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မတ် ၂၃ ရက်မှာ USAGM က ဝန်ထမ်းတွေဆီကို အသိပေးအကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။

ခြွင်းချက်အနေနဲ့ တပတ်ကို ဝန်ထမ်း ၇၀ နှုန်း လုပ်ငန်းခွင်ပြန်ဝင်ဖို့သာ USAGM ဘက်က ဆောင်ရွက်နိုင်ဦးမယ်ဆိုတဲ့ အဆိုပြုချက်ကိုတော့ လက်ခံကြောင်း တရားရုံးက မတ် ၂၀ ရက်နေ့ညပိုင်းမှာ အမိန့်စာ ထပ်မံထုတ်ပြန်ထားပါတယ်။ ဒီအမိန့်တွေအားလုံးဟာ အယူခံတရားရုံးရဲ့ လတ်တလောအမိန့်အရ ဆိုင်းငံ့အခြေအနေကို ရောက်သွားခဲ့တာပါ။ 

VOA မြန်မာပိုင်း သတင်းတင်ဆက်သူ ဒေါ်ခင်ဖြူထွေးက“အခု ဒီအထက်တရားရုံးကနေပြီးတော့ ဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက အပြန်အလှန်တင်ပြဖို့အတွက် အချိန် ၁၄ ရက်ပေးထားပါတယ်။ ဆိုတော့ နှစ်ဖက် ရှေ့နေတွေက နေပြီးတော့မှ လျှောက်လဲချက်တွေကို ၁၄ ရက်အတွင်းမှာ တင်ပြရမယ်။ ဒီတင်ပြချက်တွေအပေါ်မှာ မူတည်ပြီးမှ နောက်ထပ်တရားရုံးဆုံးဖြတ်ချက် ဘယ်လိုထွက်လာမလဲဆိုတာကို ကျမတို့စောင့်ရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ VOA ကို သူတို့ လုံးဝပိတ်ပစ်ချင်တဲ့အတွက်ကြောင့် အဆင့်ဆင့် သူတို့ဆက်လုပ်လို့ရသမျှကို လုပ်နေဦးမှာပဲ။ ဝန်ထမ်းတွေကို မဖြစ်မနေပြန်ခေါ်ဖို့ အောက်တရားရုံးက ပြီးခဲ့တဲ့လထဲမှာ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်း သူတို့ အကြီးအကျယ်ကန့်ကွက်ခဲ့ကြတယ်။ အစိုးရဘက်က အချိန်ဆွဲတယ်။ တချိန်တည်းမှာလည်း အယူခံတရားရုံးကနေပြီးတော့ အခုလိုမျိုး အမိန့်ထွက်လာဖို့အတွက် သူတို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်ဆိုတော့ သူတို့ဘက်က တောင်းဆိုတဲ့အတိုင်း အယူခံတရားရုံးကလည်း ဝန်ထမ်းတွေကို မဖြစ်မနေ ပြန်ခေါ်ရမယ့်ကိစ္စ၊ အောက်တရားရုံး ဆုံးဖြတ်ချက်ကို ပြန်ပြီးတော့ ဆိုင်းငံ့ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိမှာတော့ ဝန်ထမ်းတွေလည်း အလုပ်ပြန်သွားရမယ်ဆိုတဲ့ကိစ္စက ပြန်ပြီးတန့်သွားတာပေါ့နော်။ ဆိုတော့ နောက်ထပ် ဆုံးဖြတ်ချက်တရပ် ထွက်လာတာကို ကျမတို့ စောင့်ရမယ်။ ဒီဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပြီးတော့လည်း ရှေ့ဆက် ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို အဲဒီအခါကျမှ ထပ်ပြီးပြောလို့ရမှာ” လို့ ပြောပါတယ်။

VOA ဝန်ထမ်းတွေဘက်က USAGM ကို စွဲဆိုထားတဲ့အမှု ၃ ခုအထိရှိနေပြီး ပထမအမှုကတော့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကနေ ရပ်နားခဲ့တာဟာ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး အလုပ်သမားဥပဒေကိုလည်း အစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့  စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ 

ဒုတိယအမှုကတော့ VOA ယန္တရားတခုလုံးကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ ဥပဒေနဲ့မညီတာကြောင့် တရားမဝင်ဘူးဆိုပြီး VOA ဒါရိုက်တာအေဗရာမိုဝဇ်က စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ 

တတိယအမှုကတော့ သမ္မတထရမ့်ပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ခဲ့တဲ့ USAGM တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းလွတ်လပ်ခွင့်၊ တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ ကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ထမ်းတွေက ၂၀၂၆ ခု မတ် ၂၃ ရက်မှာ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ 

၂၀၂၅ ခု မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့တာပါ။

ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်က ထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဝန်ထမ်းတွေဘက်က တရားစွဲဆိုတာတွေ ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013