
မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေမှာ သတင်းထောက် ၁၇ ယောက်ဟာ လက်ရှိ အချိန်ထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Al) က ဩဂုတ် ၂၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
သတင်းမီဒီယာတွေအပေါ် မြန်မာစစ်အာဏာရှင်တပ်ရဲ့ ဖိနှိပ်မှုတွေဟာ မရပ်တန့်သေးဘူးလို့လည်း AI က ဆိုပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အသံအဖွဲ့ရဲ့ ၂၀၂၆ ဧပြီကနေ ဇွန်လအထိ သတင်းစာပညာနဲ့ မီဒီယာ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီရင်ခံမှာလည်း ဇွန်လကုန်အထိ သတင်းထောက် ၁၇ ယောက် ထောင်ထဲမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲလို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက သတင်းသမားနဲ့ မီဒီယာလုပ်သား ၁၁ ယောက် သေဆုံးခဲ့ရပြီး ၈၆ ယောက်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။
၂၀၂၆ ဧပြီလကနေ ဇွန်လအတွင်းမှာပဲ သတင်းမီဒီယာ ၆ ခုရဲ့ လိုင်စင်တွေလည်း ရုပ်သိမ်းခံခဲ့ရပြီး အာဏာသိမ်းပြီးနောက် စုစုပေါင်း ရုပ်သိမ်းခံရတဲ့ သတင်းမီဒီယာလိုင်စင် အရေအတွက်ဟာ ၂၂ ခုထိ ရှိလာပြီလို့လည်း ဆိုပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၆ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၆ မှာ ရှိနေပြီး သတင်းလွတ်လပ်ခွင့် အလွန်ဆိုးရွားတဲ့အဆင့်ဖြစ်တဲ့ အနီရောင်အဆင့်မှာ ရှိနေပါတယ်။











