ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာ အောက်တိုဘာ ၂၅ ရက်က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရဘက်က လွှတ်တော်အမတ်တွေက ပြည်သူ့မီဒီယာ ရန်ပုံငွေဆိုင်ရာ အပြောင်းအလဲတွေကို ညတွင်းချင်း မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြတာပါ။
ဒီပြုပြင်ပြောင်းလဲမှုက မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေလိမ့်မယ်လို့ ဝေဖန်နေတဲ့ကြားက ခုလို အလျင်အမြန် လုပ်ဆောင်ခဲ့လို့ ဆန့်ကျင်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၂၃ ရက်က လုပ်ခဲ့တဲ့ အောက်လွှတ်တော် အစည်းအဝေးမှာ ဒီအဆိုပြုချက်ကို မူလစီစဉ်ထားတဲ့ အစီအစဉ်တွေထဲမှာ မပါဝင်ဘဲ မမျှော်လင့်ဘဲ ရုတ်တရက် တင်သွင်းလာခဲ့တာပါ။
ဒီဥပဒေကြမ်းဟာ လက်ရှိမှာ ချက်နိုင်ငံရဲ့ ပြည်သူ့ရုပ်သံနဲ့ ရေဒီယိုဌာနတွေကို ထောက်ပံ့ပေးနေတဲ့ အိမ်ထောင်စုကြေးစနစ်ကို ဖျက်သိမ်းဖို့ ရှိနေပါတယ်။
ဥပဒေကြမ်းကို ခုလို အမြန်အတည်ပြုဖို့ ကြိုးပမ်းချက်အပေါ် ကန့်ကွက်သူတွေနဲ့ မီဒီယာအရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဘီလီယံနာဝန်ကြီးချုပ် အန်ဒရေဘာဘစ်ရှ် ဦးဆောင်တဲ့ လူကြိုက်များရေးဝါဒီ အစိုးရဟာ အစွန်းရောက် လက်ယာယိမ်းပါတီတခုဖြစ်တဲ့ SPD ရဲ့ ထောက်ခံမှုကို ရထားပြီး ပြည်သူ့ မီဒီယာတွေနဲ့ ပုဂ္ဂလိက မီဒီယာတွေအပေါ် မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်လေ့ရှိပါတယ်။
အစိုးရအနေနဲ့ ချက်ရုပ်သံနဲ့ ချက်ရေဒီယိုတို့အတွက် ရန်ပုံငွေထောက်ပံ့မှုကို နိုင်ငံတော်ဘတ်ဂျက်ကတဆင့် ပေးဖို့ စီစဉ်နေပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဒီလိုလုပ်တာဟာ မီဒီယာဌာနတွေကို နိုင်ငံရေးအရ ဖိအားပေးခံရနိုင်တဲ့ အခြေအနေမျိုးဆီ ရောက်သွားစေလိမ့်မယ်လို့ ပြောနေကြပါတယ်။
ဝန်ကြီးချုပ် ဘာဘစ်ရှ်ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိစေဖို့သာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိမှာ ဒီဥပဒေကြမ်းက ကော်မတီအဆင့်ကို ရောက်နေပြီး နောက်တကြိမ် မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါသေးတယ်။
ပရာ့ဂ်မြို့၊ မြို့ဟောင်းရင်ပြင်မှာ စုဝေးရောက်ရှိနေကြတဲ့ ဆန္ဒပြသူတွေကို မိန့်ခွန်းပြောရာမှာ ဆန္ဒပြပွဲ ဦးဆောင်သူ မီကူလာ့စ်မီနာက ညတွင်းချင်း မဲခွဲဆုံးဖြတ်ခဲ့တဲ့ လုပ်ရပ်ကို ဝေဖန် ပြောဆိုခဲ့ပါတယ်။
အခုဆန္ဒပြပွဲဟာ အစိုးရက စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုရဲ့ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေခဲ့ပြီဆိုတာကိုပြဖို့ ရည်ရွယ်တယ်လို့လည်း သူက ပြောပါတယ်။
ဆန္ဒပြပွဲ စီစဉ်သူတွေက နောက်ထပ် ဆန္ဒပြပွဲတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
Source: Reuters











