
၂၀၂၁ အာဏာသိမ်းကာလကနေ ၂၀၂၆ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ သတင်းထောက် ၂၃၀ ယောက် ဖမ်းဆီးခံရပြီး လက်ရှိအချိန်မှာ ၁၈ ယောက် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်း ခံရတယ်လို့ အသံအဖွဲ့က အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရှိ သတင်းမီဒီယာနဲ့ သတင်းသမားတွေ လုံခြုံရေးဆိုင်ရာ နောက်ဆုံးရအခြေအနေနဲ့ ပတ်သက်ပြီး အသံအဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၃၀ ယောက်မှာ အမျိုးသား ၁၉၉ ယောက်၊ အမျိုးသမီး ၃၁ ယောက် ပါ၀င်ကာ လွတ်မြောက်လာသူ ၁၈၈ ယောက်မှာ အမျိုးသား ၁၅၉ ယောက်၊ အမျိုးသမီး ၂၉ ယောက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ နောက်ပိုင်း သတင်းထောက် ၁၃ ယောက် သေဆုံးခဲ့ပြီး စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ သေဆုံးသူ ၉ ယောက်၊ အခြားနေရာမှာ ၄ ယောက် သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ သတင်းထောက် ၅ ယောက် အများဆုံးသေဆုံးခဲ့တယ်လို့ ထောက်ပြထားပါတယ်။
လက်ရှိ ဖမ်းဆီးထားသူ သတင်းထောက် ၁၇ ယောက်ဟာ စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်ထဲမှာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရပြီး အများစု ၁၅ ယောက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
၂၀၂၆ ခုနှစ် တတိယ ၃ လပတ်အတွင်း သတင်းနဲ့ မီဒီယာသမားများ ထပ်မံဖမ်းဆီးခံရမှု သို့မဟုတ် လွတ်မြောက်မှု မရှိခဲ့သော်လည်း မတရားဖမ်းဆီးခံ သတင်းထောက်တွေအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ဆက်လက်တောင်းဆိုကြရမယ်လို့ တိုက်တွန်းထား ပါတယ်။











