
ခက်ပြီ။ ယခုတလော မြင်တွေ့ကြားသိနေရသည်များက စိတ်ပျက်စရာ။ မြန်မာစာနယ်ဇင်းလောကကို မြန်မာပရိသတ်များ အတော်စိတ်ပျက်လာကြပြီဆိုသည့် စကားသံများကိုလည်း အသိမိတ်ဆွေများထံမှ ပြန်ကြားလာရ၏။ ဝေါဟာရ သဘောအရသာ မြန်မာစာနယ်ဇင်းလောကဟု ဆိုရသော်လည်း အွန်လိုင်း ပလက်ဖောင်းအသီးသီးပေါ်မှ မင်းသား၊ မင်းသမီး၊ ဆယ်လီများကို အင်တာဗျူး အတိုအထွာများ မေးကာ တင်ပေးနေသည့် စာမျက်နှာများကို စာနယ်ဇင်းဟုပင် ခေါ်ဆိုထိုက်ပါမည်လား မသိ။
ယခင်ကပင် စစ်မှန်သည့် စာနယ်ဇင်းအတတ်ပညာ ငွါးငွါးစွင့်စွင့် မထွန်းကားခဲ့သလို စာနယ်ဇင်း အတတ်ပညာနှင့် ကျင့်ဝတ်ကို လိုက်နာတတ်သည့် သတင်းသမားများကိုလည်း နေရာမပေးလိုသည့် မြန်မာစာနယ်ဇင်းလောကသည် ၂၀၂၀ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပို၍ ပျက်ယွင်းလာသည်။ အာဏာသိမ်းပြီးနောက် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတချို့၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် မဂ္ဂဇင်းများ ရပ်ဆိုင်းသွားရသည်မှာ အမျိုးအစား ၅၀ ခန့်ရှိသည်ဟု သုတေသနစစ်တမ်းတချို့က ဖော်ပြကြ၏။ လူဦးရေ သန်း ၅၀ ခန့်သာရှိသည့် နိုင်ငံတွင် စာနယ်ဇင်း ၅၀ ခန့် နိဌိတံသွားခြင်းက နည်းသည့်ပမဏတော့ မဟုတ်လှ။ သတင်းထောက်များ၊ စာရေးဆရာများကိုလည်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်။
သို့နှင့် မြန်မာပြည်တွင်း၌ အွန်လိုင်းပလက်ဖောင်းပေါ်က စာနယ်ဇင်းအမည်ခံ Page များသာ ကျန်တော့သည်။ ထို Page များကလည်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး သတင်းများကို မဖော်ပြကြ။ အနုပညာသတင်းများကိုသာ ဖော်ပြကြလေ၏။ အနုပညာသတင်း ဆို၍လည်း လောက်လောက်လားလားမဟုတ်။ အနုပညာရှင်များနှင့် တွေ့ဆုံကာ Exclusive Interview လုပ်ခြင်းများ မတွေ့ရ။ စီးပွားရေးသမားများက ပြုလုပ်သော ပွဲ၊ ရုပ်ရှင်ကန်တော့ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ မွေးနေ့ပွဲ စသည့်ပွဲများစွာကို တက်ရောက်လာသော သရုပ်ဆောင်များ၊ အဆိုတော်များ၊ ဆယ်လီများကို မိုက်ထိုးပေး၍ ရောက်တတ်ရာရာ မေးမြန်းနေကြခြင်းသာ။
တနေ့က ယင်းမာတေးသံသွင်း၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ တက်လာသည့် အဆိုတော် ခင်မောင်ထူးနှင့် ဘိုဘိုဟန်တို့ကို အတိုအထွာ အင်တာဗျူးမေးကာ အနုပညာ Page တခုက လူမှုကွန်ရက်တွင် တင်လာသည်ကို တွေ့ရ၏။ ဖြေသူတွေက ယင်းမာ တေးသံသွင်းပွဲပါဟု ပြောနေပါလျက်နှင့် စာတန်းထိုးတော့ ရွှေယင်းမာ တေးသံဟု တလွဲစာတန်း ထိုးလေသည်။ အခြား အနုပညာ Page တခုကလည်း စမ်းရေမိုး ဇာတ်အဖွဲ့၏ ပဲ့ကိုင်ရှင် ကိုအောင်ကျော်ထွန်းကို အင်တာဗျူး အတိုအထွာ မေးတင်ပြန်သည်။ မေးသာ မေးနေသည်၊ ကိုအောင်ကျော်ထွန်း ဆိုသည်မှာ ဘယ်လိုအနုပညာရှင်မှန်း သူတို့မသိ။ ခွကျလေ၏။ ကိုအောင်ကျော်ထွန်းက သူရိုက်ခဲ့ဖူးသော ရုပ်ရှင်ကားကြီးကို သိကြလားဟု ပြန်မေးနေသံ ကြားရ၏။ ခေတ်ကာလနှင့် အင်တာဗျူးသူ၏ အသက်အရွယ်အရ ရုပ်ရှင်ကားကို မသိမမီလိုက်လျှင် ရှိပါစေ။ ကိုယ်တိုင် အင်တာဗျူးလုပ်နေပြီး အရှင်လတ်လတ်ရှိနေသည့် ကိုအောင်ကျော်ထွန်း ဘယ်လိုအနုပညာတွေ ဖန်တီးလေ့ရှိသူ ဆိုသည်ကိုမူ ကိုအောင်ကျော်ထွန်း၏ Facebook ကို ကြိုတင် လေ့လာထားလျင်ပင် သိနိုင်ပေသည်။ ယခုတော့ ကိုယ့်ရှေ့တွေ့နေရ၍ မေးသာ မေးနေရ၏။ ဘယ်လိုလူစားမှန်းမသိ ဆိုသော အနုပညာ သတင်းထောက်မင်းများပါတကား။ ထို့ကြောင့်လည်း ရာဇာနေဝင်း ဆူသမျှ၊ ကောသမျှ၊ လှိမ့်သမျှ၊ ဖိန့်သမျှကို ထိုသတင်းထောက်များ ခံကြရ၏။ တွေ့ရ၊ မြင်ရ၊ ကြားရသည်မှာ စိတ်မသက်သာစရာ။
တကယ်တော့ အနုပညာသတင်းသည်လည်း သတင်းပင်။ နိုင်ငံတကာသတင်းဌာနများတွင်လည်း အနုပညာသတင်းများကို ဖော်ပြကြလေ့ရှိပါသည်။ ပြည်တွင်း အနုပညာသတင်းထောက်များ အနေဖြင့် နိုင်ငံတကာ အနုပညာသတင်း တင်ဆက်ပုံများ လေ့လာသင့်သည်။ စာရေးသူ အနေဖြင့်လည်း အနုပညာသတင်းထောက်များကို တန်းမခွဲလိုပါ။ တန်းခွဲရန်လည်း မလိုပါ။ စာရေးဆရာကြီး ဆရာအောင်သင်းပင် ရုပ်ရှင်မင်းသား ကျော်ဟိန်းကို အင်တာဗျူး လုပ်ခဲ့ဖူးသည်။ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်က ထုတ်ဝေခဲ့သော သရဖူမဂ္ဂဇင်းက ထိုအင်တာဗျူးကို လေးလဆက် ဖော်ပြခဲ့ရ၏။ အခြားမဂ္ဂဇင်းများမှ ဖတ်ညွှန်းရေးသူများကပင် သရဲကြီးနှစ်ကောင် တွေ့ဆုံခြင်းဟု ပမာတင်၍ ထိုအင်တာဗျူးကို ဖတ်ကြရန် ညွှန်းဆို တိုက်တွန်းခဲ့ကြရသည်။ စာပေနှင့် ဝေဖန်ရေးအရာတွင် ကျွမ်းကျင်လှသော စာရေးဆရာကြီးနှင့် သရုပ်ဆောင်ရာတွင် ပိုင်နိုင်လှသော ကျော်ဟိန်းတို့ကို သရဲကြီးနှစ်ကောင်အဖြစ် တင်စားခဲ့ကြခြင်းပင်။
ဆရာအောင်သင်း တသက်လည်း သရုပ်ဆောင်ကို အင်တာဗျူး လုပ်ခဲ့သည်မှာ ထိုတယောက်သာ ဖြစ်၏။ အင်တာဗျူးလုပ်တော့လည်း ကြည့်ဦး။ ကိုကျော်ဟိန်း အခု ဘာကားတွေရိုက်နေလဲ။ ဘယ်ဒါရိုက်တာ၊ ဘယ်မင်းသမီးနဲ့ တွဲရတာ အကြိုက်ဆုံးလဲ။ ရှေ့ ဘာကားတွေ ဆက်ရိုက်မလဲ ဆိုတာတွေ မပါ။ ကျော်ဟိန်း မူးယစ်ဆေးစွဲခဲ့စဉ်ကာလကို မေးခွန်းများဖြင့် ဝေ့ကာ ဝိုက်ကာ ပြန်ဆွဲခေါ်သွားသည်။ နံပါတ်ဖိုး၏ သားကောင်ဘဝက စုတ်ပြတ်နုံချာရုံမက အိမ်သာခွက်ထဲက ဖိုးမှုန့်များကိုပင် မရွံမရှာ လက်နှင့်သပ်ယူခဲ့ဖူးသည့် နိုင်ငံကျော် ရုပ်ရှင်မင်းသား၏အဖြစ်ကို ပွင့်ထွက်ကျလာအောင် မေးမြန်းသွားသည်။ ထိုမှတဖန် မူးယစ်နွံထဲမှ ရုန်းထွက်နိုင်ခဲ့သည့် ကျော်ဟိန်း၏ စိတ္တသတ္တိကိုလည်း လူငယ်များ အတုယူနိုင်စေရန် ဖော်ထုတ် ပြညွှန်းပေးခဲ့၏။ မေးသူ အမေးကောင်းတော့ ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်လိုတတ်ကြသည့် သရုပ်ဆောင်ပင် အမှောင်ထဲက သူ့ဘဝ တစိတ်တပိုင်းကို လိုလိုလားလား လှစ်ဟပြခဲ့ရသလို လူငယ်များကိုလည်း မူးယစ်သားကောင် မဖြစ်စေရန် ပညာပေးသွားကြသည်။
နိုင်ငံရေးသတင်းထောက်၊ စီးပွားရေးသတင်းထောက်၊ ကျန်းမာရေးသတင်းထောက်၊ အနုပညာသတင်းထောက် မည်သည့်သတင်းထောက်ဖြစ်စေ အများပြည်သူကို ချပြတော့မည့် သတင်းတွင် အနည်းဆုံးအားဖြင့် သတင်းကြည့်ရှုသူတို့အား အကျိုးရှိစေလိုခြင်းဟူသည့် ရည်ရွယ်ချက် ထားအပ်ပေသည်။ သတင်းထောက်သည် ဖျော်ဖြေရေးသမားမဟုတ်။ ဖျော်ဖြေရေးသမားများနှင့် ရည်ရွယ်ချက်မရှိဘဲ ရောက်တတ်ရာရာ ပြောနေကြခြင်းကို သတင်းဟု ထင်မှတ်နေလျှင် အလွဲကြီး လွဲနေပေပြီ။
ပြည်တွင်း အနုပညာသတင်းထောက်တဦးကို ရုပ်ရှင်မင်းသမီးက ပါးရိုက်လိုက်သည့်အမှု ၂၀၁၀ ခုနှစ်လောက်က ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က စာရေးသူသည် ပြည်ပ မီဒီယာတခု၌ တိုက်ထိုင် သတင်းထောက်။ ပြည်တွင်းသတင်းသမားများကား သတင်းထောက်ကို ပါးရိုက်ရကောင်းလားဟု ဆိုကာ မင်းသမီးကို ဝိုင်းခွပ်ကြတော့သည်။ မင်းသမီးမှာ ချေပခွင့်မရ။ အနုပညာသတင်းထောက် မဟုတ်သည့် စာရေးသူသည် မင်းသမီးကို ဘယ်လိုပုံစံဖြင့် ဘာမေးခဲ့၍ ထိုကဲ့သို့ တုံ့ပြန်လိုက်သည်ကို သိချင်လာ၏။ ပြည်တွင်းသတင်းစာမျက်နှာများတွင်လည်း ဘာမေး၍ ရိုက်လိုက်သည်ဟု ပါမလာ၊ မင်းသမီးက သတင်းထောက်ကို ပါးရိုက်လိုက်သည်၊ မင်းသမီး လွန်သည်ဟူသော သဘောသက်ရောက်သည့် ရေးသားမှုများကိုသာ တွေ့နေရသည်။ သို့နှင့် စာရေးသူသည် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးမှ တဆင့် မင်းသမီးနှင့် ချိတ်ဆက်၍ အင်တာဗျူးလုပ်တော့မှ မင်းသမီး၏ အိမ်ထောင်ရေးကို တဲ့တိုးသွားမေး၍ မင်းသမီး ဒေါသထွက်သွားကြောင်း သိရတော့သည်။ သတင်းထောက်ထံလည်း လှမ်းမေးကာ နှစ်ဖက်ပြောစကားများကို ထည့်သွင်း၍ သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ထိုစဉ်က စာရေးသူတို့ သတင်းဌာနအတွက် တလအတွင်း ကြည့်ရှုသူ Viewer အများဆုံး သတင်းအဖြစ် စံချိန်တင်ခဲ့ပါ၏။
ထိုအနုပညာသတင်းထောက်လည်း လေ့လာအားကောင်းပြီး လုပ်သက်ရင့်လာသလို အနုပညာလိုင်းမှ နိုင်ငံရေးသတင်းထောက်အဖြစ်သို့ တက်လှမ်းကာ ယခုဆိုလျှင် ပြည်ပမီဒီယာကြီး၏ ဝါရင့်သတင်းသမားပင် ဖြစ်နေပါပြီ။ လက်ရှိ ပြည်တွင်း အနုပညာသတင်းထောက်များ အနေဖြင့်လည်း မိုက်ထိုးပေး၍ ရောက်တတ်ရာရာ အတိုအထွာများ မေးနေခြင်းဖြင့် အချိန်ကုန် မခံကြဘဲ ပေမီဒေါက်မီ သတင်းထောက်များ ဖြစ်လာရန် ကြိုးကုတ် အားထုတ်စေလိုခြင်းပါပေ။
မင်းစစ်အောင်










