
စစ်အာဏာရှင်အစိုးရက ဘယ်လာရုစ်နိုင်ငံကနေ ပိုကုန်ချေးငွေ ရယူဖို့ သူ့ရဲ့ဩဇာခံ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် တောင်းခံထားပြီး ချေးငွေအပေါ် ပေးရမဲ့ အတိုးနှုန်းမှာ အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စစ်အာဏာရှင် လက်အောက်ခံ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်သန်းသန်းလင်းက ရှင်းလင်းတင်ပြသွားတာပါ။
ဒီပို့ကုန်ချေးငွေကိစ္စ ပြည်ထောင်စုလွှတ်တော်က ဆက်လက်ဆွေးနွေးဖို့ အမတ်တွေ အမည်စာရင်း တင်သွင်းနိုင်တယ်လို့ ကြေညာထားတယ်။
ဘယ်လာရုစ်နိုင်ငံပိုင် Development Bank of the Republic of Belarus (DBRB)နဲ့ Belinvestbank JSC တို့ထံမှ ချေးငွေကို ရယူဖို့ ရည်ရွယ်ထားပြီး ဘယ်လာရုစ် ရူဘယ်၊ ရုရှား ရူဘယ်၊ တရုတ် ယွမ်၊ အမေရိကန် ဒေါ်လာနဲ့ ယူရိုတို့ ချေးယူနိုင်မယ်လို့ ဆိုပါတယ်။
ချေးငွေသက်တမ်းကို ၁ နှစ်ကနေ ၅ နှစ်အထိ သတ်မှတ်ထားပြီး ဆိုင်းငံ့ကာလမှာ အများဆုံး ၁ နှစ် ဖြစ်တယ်။ အတိုးနှုန်းကတော့ ချေးယူမဲ့ ငွေကြေးအမျိုးအစားနဲ့ ဘယ်လာရုစ်မှ တင်ပိုမဲ့ ကုန်ပစ္စည်းအပေါ် မူတည်ပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း သက်ဆိုင်ရာဘဏ်အတိုးနှုန်းတွေကို အခြေခံတွက်ချက်ပါက ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိကြောင်း ဖော်ပြထားပြီး ချေးငွေအတွက် အာမခံကြေးကိုလည်း ချေးငွေသက်တမ်းအလိုက် ထပ်မံပေးဆောင်ရနိုင်တယ်။
ဘယ်လာရုစ်ထံမှ ရယူမဲ့ ချေးငွေကို ဘယ်လာရုစ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ၊ ခေတ်မီစက်ယန္တရားနဲ့ နည်းပညာပစ္စည်းတွေ၊ နည်းပညာနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူဖို့ အသုံးပြုရမယ်လို့ ချေးငွေသဘောတူညီချက်မှာ သတ်မှတ်ထားပါတယ်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တင်ပြမှုမှာ မြန်မာဘက်က ရယူမဲ့ ချေးငွေပမာဏကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးသလို ချေးငွေကို ထုတ်ယူအသုံးပြုနေပြီဆိုတဲ့ အချက်လည်း မတွေ့ရသေးပါ။
မြန်မာနဲ့ ဘယ်လာရုစ်အစိုးရအကြား ပို့ကုန်ချေးငွေဆိုင်ရာ အထွေထွေသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဘယ်လာရုစ်အစိုးရက ၂၀၂၆ ခုနှစ် မေလမှာ အတည်ပြုခဲ့ပါတယ်။
ဒီသဘောတူညီချက် အကောင်အထည်ဖော်ရေးနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ ဘယ်လာရုစ် ဘဏ်တွေအကြား ဘဏ်လုပ်ငန်းဆိုင်ရာ သဘောတူညီချက်တွေလည်း လက်မှတ်ရေးထိုးထားတယ်။
၂၀၂၆ ခုနှစ် မေလမှာ ဘယ်လာရုစ်နိုင်ငံ Belinvestbank နဲ့ မြန်မာနိုင်ငံက Myanma Economic Bank၊ Myanma Foreign Trade Bank နဲ့ Myanma Investment and Commercial Bank တို့အကြား Banking Arrangements တွေ လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနဲ့ ဘယ်လာရုစ် ၂ နိုင်ငံအကြား စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ၂၀၂၅ ခုနှစ်နောက်ပိုင်း ပိုမိုတိုးမြှင့်လာခဲ့ပြီး ပို့ကုန်ချေးငွေ မူဘောင်ဆိုင်ရာ သဘောတူညီချက်တွေလည်း ချုပ်ဆိုထားကြောင်း စစ်အာဏာရှင်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတယ်။
လက်ရှိအခြေအနေအရ ဒီချေးငွေတွေကို ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူနေဆဲအဆင့် ဖြစ်ပြီး ချေးငွေပမာဏ၊ အမှန်တကယ် ထုတ်ယူမဲ့အချိန်နဲ့ ဘယ်နေရာမှာ ဘယ်လို အသုံးပြုမယ် ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။











