
သင်္ကြန်ပိတ်ရက် ရန်ကုန်ကနေ ဧရာဝတီတိုင်းကို ပြန်လာတဲ့ အရပ်သား လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းလိုက်တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက်က ရန်ကုန်ကနေ ဧရာဝတီတိုင်းကို ပြန်လာတဲ့ လူငယ်အရပ်သား ၆ ယောက်အား ရန်ကုန် နဲ့ ဧရာဝတီတိုင်းအစပ် ညောင်တုန်းမြို့နယ်၊ ပန်တိုင်စစ်ရေးဂိတ်မှာ ရန်ကုန်-ဧရာဝတီတိုင်း ပြေးဆွဲနေတဲ့ကားပေါ်ကနေ စစ်တပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိတဲ့သူတယောက်က ''အဖမ်းခံရတဲ့ လူငယ် တွေက သင်္ကြန်ပိတ်ရက် အိမ်ပြန်လာတာလို့ သိရပါတယ်။ စစ်ဆေးဖို့ရှိတယ်ဆိုပြီးစ စ်သားတွေက ကားပေါ်ကနေ ဆွဲချဖမ်းခဲ့တာ။ ကားပေါ်ပါလာတဲ့ လူငယ်တွေကိုဖမ်းခဲ့တာ” လို့ ပြောပါတယ်။
ရန်ကုန်ကနေ ဧရာဝတီတိုင်းကို ပြန်လာစဉ် အဖမ်းခံရတဲ့ လူငယ် ၆ ယောက်ဟာ ရေကြည်မြို့နယ်က ၂ ယောက်နဲ့ ပုသိမ်မြို့နယ်က ၄ ယောက်ဖြစ်ပြီး အသက် ၁၉ နှစ် အရွယ် ကိုဘုန်းမြတ်နဲ့ နောက်ထပ် ၅ ယောက်ဖြစ်တယ် လို့ဆိုပါတယ်။
ပန်တိုင်စစ်ဆေးရေး ဂိတ်နဲ့ နီးစပ်သူတယောက်က “အရပ်သား လူငယ်လေးတွေပါ။ မှတ်ပုံနဲ့အချက်တွေအရ ရေကြည်နဲ့ပုသိမ်ကလို့ သိရတယ်။ ခရီးသွားအချက် အလတ်တွေလည်း ပြည့်စုံပါတယ်။ ဘယ်ဖမ်းခေါ်သွားတယ်တော့မသိဘူး။ ပန်တိုင်ဂိတ်က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။
အဲဒီပန်တိုင်ဂိတ်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာ၊ စမတ်ကတ်၊ စတဲ့အချက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အကြောင်းအမျိုးမျိုးပြကာ လူငယ်အမျိုးသားတွေကို ဧပြီ ပထမ အပတ်ကစတင်ကာ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က ပန်တိုင်စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင် လဲလှယ်ရန် အသက်ကျော်တာ၊ ဟောင်းနွမ်းမှတ်ပုံတင် ကိုင်ဆောင်လာတာ၊ မှတ်ပုံတင် အချက်အလတ် လွဲမှားတာတွေ ရှိပါက ငွေသိန်းချီ တောင်းနေတဲ့အပြင် လူငယ်အမျိုးသားတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။











