
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ နယ်မြေ၊ ဘောစဲခိုဒေသမှာရှိတဲ့ နီလာကုန်းနဲ့ မောလောစခန်းကို အောက်တိုဘာ ၃၁ ရက်မှာ စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ KNU တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
အဆိုပါ နီလာကုန်းနဲ့ မောလောစခန်းဟာ တပ်မဟာ ၅ နယ်မြေနဲ့ တပ်မဟာ ၃ နယ်မြေအစပ်က တပ်စခန်းတွေဖြစ်ပြီး စစ်တပ်က လူအင်အားအပြင် ဝေဟင် မြေပြင်ပစ်ကူအလွန်အကျွံသုံးပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
ပဒိုစောထိုရော်ဘင်က “အဲဒီတပ်စခန်းက လက်ကျန်တပ်စခန်းတွေနဲ့ ကပ်နေတဲ့ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ အစပ်က စခန်းတွေ။ စခန်းသိမ်းခံရတာ မှန်တယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း တပ်မဟာ ၅ နယ်မြေအတွင်း သိမ်းပိုက်ဖို့ ဖာပွန်ဗျူဟာအပါအဝင် ကျန်ရှိနေတဲ့ တပ်စခန်း ၇ ခုလောက်ကို KNLA ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကစပြီး တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်နဲ့ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်အစပ်မှာ ပိတ်ဆို့ခံထားရတဲ့ စစ်တပ်ရဲ့ ကဘောတူစခန်းကို KNLA ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်က လေကြောင်းပစ်ကူပေးနေတဲ့ကြားက သိမ်းပိုက်ရရှိခဲ့ ပါတယ်။











