
မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) ပြီးရင် စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်မယ်လို့ ဒု စစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။
၈၁ နှစ်မြောက် တပ်မတော်နေ့ပွဲကို လာကြတဲ့ အငြိမ်းစား စစ်တပ်အရာရှိတွေကို မတ် ၂၆ ရက်က ကန်တော့တဲ့ပွဲမှာ ပြောခဲ့တာလို့ စစ်တပ်ဩဇာခံ မြန်မာ့အသံက ထုတ်ပြန်တာပါ။
ဒု စစ်ခေါင်းဆောင်စိုးဝင်းက ‘စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား နှုတ်ခွန်းဆက်ကြောင်း၊ အခု ၈၁ နှစ်မြောက် တပ်မတော်နေ့ဟာ ထူးခြားကြောင်း၊ ဒီမတိုင်ခင်က ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်နေကြောင်း၊ ဒီရက်ပိုင်းမှာ အစိုးရဖွဲ့ပြီး နိုင်ငံတာဝန်ကို လွှဲပေးမှာဖြစ်ကြောင်း၊ တပ်မတော်အပိုင်းမှာလည်း ၈၁ နှစ်မြောက် တပ်မတော်နေ့ပြီးရင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်လာမှာဖြစ်ကြောင်း’ ပြောဆိုခဲ့ပါတယ်။
ဘယ်သူဦးဆောင်တာပဲဖြစ်ဖြစ် စစ်တပ်ရဲ့ ခေါင်းဆောင်အစဉ်အဆက်၊ သင်ဆရာ မြင်ဆရာ ကြားဆရာတွေရဲ့ လမ်းညွှန်ချက်၊ မူဝါဒတွေအတိုင်း ဆက်လက်လျှောက်လှမ်းမယ်လို့လည်း သူက ဆိုပါတယ်။
ဒီပွဲကို သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အပါအဝင် အငြိမ်းစားစစ်တပ်အရာရှိ ၁၈ ယောက်နဲ့ ဇနီး ၉ ယောက် တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတော့ ဒီလိုကန်တော့ရာမှာရော ဒီမတိုင်ခင် စစ်တပ်အရာရှိဟောင်း မိသားစုတွေနဲ့ လိုက်လံနှုတ်ဆက်တာမှာရော စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်လေ့ရှိပေမဲ့ အခုတော့ မလာခဲ့ပါဘူး။
စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ခါးခွဲစိတ်ကုသပြီးတဲ့နောက် မတ် ၂၅ ရက်က စက်သုံးဆီဆိုင်ရာ အစည်းအဝေးကို တက်ခဲ့သလို မနေ့ညက ဂုဏ်ပြုညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။










