
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်း တာဝန်ထမ်းဆောင်တာ၊ အလုပ်လုပ်ကိုင်တာတွေကို စစ်အာဏာရှင်ဘက်က အနှောင့်အယှက်ပေးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးက ပြောပါတယ်။
ဒေသစံတော်ချိန် ဩဂုတ် ၁၅ ရက်နေ့ ညပိုင်းကပြုလုပ်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းထားနိုင်ရေး အမေရိကန်နိုင်ငံလုံးဆိုင်ရာအွန်လိုင်းအစည်းအဝေးမှာ ဦးမိုးဇော်ဦးက ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ စတင်ကျင်းပမဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နှစ်စဉ်လုပ်ငန်း ဆောင်ရွက်နေကျအတိုင်း နိုင်ငံအလိုက် ကိုယ်စားပြုသူတွေရဲ့ တရားဝင်မှုကို ကုလသမဂ္ဂ၊ အထောက်အထားစိစစ်ရေးကော်မတီ (UN Credentials Committee)က ဆုံးဖြတ်ပေးမှာဖြစ်ပြီး ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်း တာဝန်ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံအားပေးဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ကမ်ပိန်းအစီအစဉ်တွေ ပြင်ဆင်နေကြပါတယ်။
ဦးမိုးဇော်ဦးက “ယူကေမှာ သံအမတ်ကြီးဦးကျော်စွာမင်းကို တရားစွဲတဲ့ကိစ္စတွေ သူတို့ လုပ်လာတယ်၊ သူတို့ဘက်ကနေ အိမ်ကို တရားမဝင်ဘဲနဲ့ ဝင်ရောက်နေထိုင်တယ် ဆိုတဲ့ သဘောပေ့ါနော်၊ နယူးယောက်မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း မလုပ်ဘူးလို့ မပြောနိုင်ဘူးပေါ့နော်၊ ကျနော် သိရတဲ့ တချို့သတင်းတွေအရဆိုရင် တချို့ကိစ္စတွေမှာလည်း သံအမတ်ကြီး လုပ်ရကိုင်ရတာတွေ ပိုခက်အောင်လုပ်လာတဲ့ဟာတွေ၊ ကြိုးပမ်းမှုတွေ တွေ့ရတယ်၊ ကျနော် အသေးစိတ်တော့လည်း မပြောနိုင်သေးဘူးပေါ့လေ၊ လိုအပ်ရင် သံအမတ်ကြီးကိုယ်တိုင်က ပြောပါလိမ့်မယ်။ သံအမတ်ကြီး လုပ်ရကိုင်ရတာခက်အောင် အမျိုးမျိုး အမေရိကန်အစိုးရကို ဖြစ်စေ၊ အတွင်းရေးမှူးချုပ်ရဲ့ရုံးကို ဖြစ်စေ သူတို့အမျိုးမျိုးချဉ်းကပ်ပြီး လုပ်နေတဲ့ဟာတွေ စလာပြီပေါ့နော်၊ ဥပဒေကြောင်းအရ တရားစွဲတာတို့ ဘာတို့ ဒါ ပြောလို့မရဘူး၊ ဆောင်ရွက်လာနိုင်တဲ့ အနေအထား ရှိတယ်။ ကျနော်တို့သတိထားပြီးတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး တုံ့ပြန်ရမလဲဆိုတာတွေ စဉ်းစားထားနိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂ အထောက်အထားစိစစ်ရေးကော်မတီ (UN Credentials Committee) ကို မြန်မာ့အရေး ဆောင်ရွက်သူတွေက တိုက်တွန်းချက် ၄ ခုပါဝင်တဲ့ ကြေညာချက်၊ တောင်းဆိုလွှာတစောင် တင်သွင်းသွားဖို့ပြင်ဆင်ထားပြီး ပြည်သူအားလုံး လက်မှတ်ရေးထိုးပြီး ပူးပေါင်းပါဝင်ကြဖို့ စီစဉ်သူတွေက တိုက်တွန်းပါတယ်။
တိုက်တွန်းချက် ၄ ခုကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာဆက်ပေးပြီး အပြည့်အဝပြောဆိုခွင့်ပြုဖို့ ဧပြီ ၁၀ ရက်နေ့မှာ စစ်အာဏာရှင်ဘက်က တင်သွင်းထားတဲ့ အချက်အလက်တွေကို ငြင်းပယ်ဖို့၊ နှစ်ဖက်စလုံးကို ငြင်းပယ်ပြီး နေရာလွတ်အဖြစ် သတ်မှတ်တာမျိုး မပြုလုပ်ဖို့၊ ၂၀၂၁ ခုနှစ်က ဆုံးဖြတ်ချက်အတိုင်း မြန်မာ့အရေးအတွက် အတည်ပြုမှုကို ဆက်ထိန်းသိမ်းဖို့ အချက်တွေ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့ မခင်သီရိနန္ဒာစိုးက “မီဒီယာကမ်ပိန်းတွေအတွက် လိုအပ်တဲ့ ပိုစတာတွေ စသဖြင့်ပေါ့လေ ဒါတွေလည်း အကုန်လုံး ကျမတို့ အဆင်သင့်ဖြစ်ပြီ ဖြစ်တယ်၊ စစ်ကောင်စီအနေနဲ့ အခုချိန်အထိ ပြည်သူကို သတ်ဖြတ်နေတာတွေ၊ နှိပ်စက်ညှဉ်းပန်းနေတာတွေ၊ သူတို့အနေနဲ့ မတရားရယူနေတဲ့ တရားဝင်မှုဆိုတာတွေ၊ မဟုတ်တဲ့ဟာတွေပေါ့နော်၊ ဒီဟာတွေကို သေချာပေါ့၊ ပြည်သူ့အသံအစစ်အမှန်ကို နိုင်ငံတကာ စင်မြင့်မှာ ဆက်ပြီး ဖော်ထုတ်ပြနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်၊ ဒီအသံတွေ တိတ်ဆိတ်သွားမယ်၊ ပြည်သူအတွက် ပိုပြီးမှ အသက်အိုးအိမ်စည်းစိမ်က ကြောက်မက်ဖွယ်ရာ ဖြစ်တယ်၊ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြည်သူကို ကိုယ်စားပြုပြီးတော့ နိုင်ငံတကာစင်မြင့်မှာ ဆက်လက်ပြီးတော့ ပြည်သူ့ကိုယ်စား အသံတွေထွက်ပေးနိုင်ဖို့၊ တာဝန်တွေထမ်းဆောင်ပေးနိုင်ဖို့ ဆိုတာက အင်မတန်အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လို အနေအထားမှာပဲဖြစ်ဖြစ် ဒီရည်ရွယ်ချက်ကိုတော့ မသွေသွားအောင် အလုပ်တွေ လုပ်ဆောင်နေကြပါတယ်ရှင့်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာပြည်သူတွေအတွက် ကိုယ်စားပြုမှု ဆက်လက်တည်ရှိရေး ချီတက်ဆန္ဒပြပွဲကို နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံတဝန်းက မြန်မာတွေ ပူးပေါင်းပါဝင်ကြဖို့ အစီအစဉ်ဦးဆောင်တဲ့ NYCBC က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာရောက်မြန်မာတွေ သံအမတ်ကြီးအတွက် ရောက်ရှိရာနိုင်ငံတွေကနေ ထောက်ခံပွဲတွေ ပြုလုပ်ကြဖို့ တိုင်ပင်မဲ့ Global Meeting ကို ဩဂုတ် ၂၂ ရက်နေ့ ခေါ်ယူသွားဖို့ ရှိနေပါတယ်။











