DVB Logo
Home
Lead Story
မြန်မာစစ်တပ်က အရပ်ဘက်လေယာဉ်များကို စစ်ရေးအတွက် သုံးနေနိုင်ဟု အီးယူ ပြောကြားချက် JFM ကြိုဆို
DVB
·
September 26, 2026
Photo: JFM
Photo: JFM
Donate to DVB

မြန်မာစစ်အာဏာရှင်ရဲ့ လေတပ်မှာ  အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ရေးအတွက် အသုံးပြုနေနိုင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ အီးယူဥပဒေအကြံပေးချုပ်ရဲ့ သဘောထားမှတ်ချက်အပေါ် Justice For Myanmar က ကြိုဆိုလိုက်ပါတယ်။ 

ဩစတြီးယား  လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Diamond Aircraft Industries က DART-450 လေယာဉ်တွေ မြန်မာစစ်အုပ်စုထံ တင်ပို့ဖို့ ကြိုးပမ်းမှုကို ဩစတြီးယားအာဏာပိုင်တွေက တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အီးယူတရားရုံး ဥပဒေအကြံပေးချုပ် တာမာရာ ချာပီတာက သဘောထားမှတ်ချက်တရပ်ကို စက်တင်ဘာ ၂၄ ရက်က  ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ မြန်မာစစ်တပ်က နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နိုင်တဲ့ နည်းလမ်းတွေရှိနေတာကို  တားဆီးဖို့ နောက်ထပ်ခြေလှမ်း တရပ်ဖြစ်တယ်လို့  Justice For Myanmar ကဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီသဘောထားမှတ်ချက်က စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးရာမှာ အသုံးပြုတဲ့ လေယာဉ်တွေဟာ စစ်ရေးအရ အသုံးပြုနိုင်စွမ်းရှိတယ်ဆိုတဲ့ အများသိ အခြေခံအသိတရားကို အတည်ပြုပေး လိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဆီကို ဒီလေယာဉ်တွေ တင်ပို့ခဲ့တာကို ဘယ်လိုမှ ခွင့်မပြုသင့်ခဲ့ပါဘူး။ ဒါဟာ အီးယူဥပဒေအောက်မှာ နှစ်မျိုးသုံးပစ္စည်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အီးယူတရားရုံးက ပထမဆုံးအကြိမ် ကိုင်တွယ်ဖြေရှင်းရတာ ဖြစ်ပါတယ်။ တရားရုံးအနေနဲ့ ဒီသဘောထားမှတ်ချက်ကို လက်ခံကျင့်သုံးခြင်းဖြင့် အီးယူတဝန်းရှိ နောက်ထပ် ပို့ကုန်လိုင်စင်တွေအတွက် အရေးပါပြီး ဥပဒေအရ စည်းနှောင်မှုရှိတဲ့ စီရင်ထုံးတခုကို ချမှတ်ပေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ အမည်ကို တရားရုံးက ဖော်ပြထားခြင်းမရှိပေမဲ့  Diamond Aircraft Industries နဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်ယူဆကြောင်း၊ Diamond Aircraft Industries ရဲ့ DART-450 လေယာဉ်တွေနဲ့ ဆက်စပ်စနစ်တွေ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ နည်းပညာတွေဟာ မြန်မာ့လေတပ်ထံ တင်ပို့ခဲ့မှုနဲ့ သက်ဆိုင်တယ်လို့  Justice For Myanmar က နားလည်ထားကြောင်းလည်းဆိုပါတယ်။

DART-450 ဟာ အခြေခံလေယာဉ်မှူးသင်တန်းအတွက် ဒီဇိုင်းထုတ်ထားတဲ့ ထိုင်ခုံနှစ်ခုပါ အရပ်ဘက် လေယာဉ်တမျိုး ဖြစ်ပြီး၊ မြန်မာစစ်တပ်က ဝေဟင်ကင်းထောက်လုပ်ငန်းတွေ အတွက်ပါ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

Diamond Aircraft Industries ဟာ ၂၀၁၉ ခုနှစ်တုန်းက ဩစတြီးယားနိုင်ငံမှာ မြန်မာလေတပ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံရှိ ရှမ်းတဲလေတပ်စခန်းမှာ ဆက်လက်လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ခဲ့ကြောင်း Justice For Myanmar ၏ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ 

Diamond Aircraft Industries နဲ့ စစ်အုပ်စုတို့အကြား သဘောတူညီချက်ကို မြန်မာကုမ္ပဏီ Miya Win International က ကြားပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး၊ အဆိုပါကုမ္ပဏီသည် ယူကေနဲ့ ကနေဒါတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသလို၊ အမေရိကန်ပို့ကုန်ဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုများလည်း ချမှတ်ခံထားရပေမဲ့ အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရခြင်း မရှိသေးဘူးလို့သိရပါတယ်။

ဒါ့ကြောင့် အီးယူအနေနဲ့ Miya Win International ကုမ္ပဏီ၊ ပိုင်ရှင်တွေ၊ ဒါရိုက်တာတွေနဲ့ ဆက်စပ်ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

Diamond Aircraft Industries အနေနဲ့ Miya Win International၊ မြန်မာစစ်တပ်နဲ့ သူတို့နဲ့ ဆက်စပ်ပတ်သက်နေသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံသို့ ထပ်မံပေးပို့ဖို့ သဘောတူထားတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို ရပ်တန့်ဖို့လည်း  Justice For Myanmar က တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013