DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပြိုကျခဲ့သည့် SKY Villa မြေနေရာကို ကျပ် သိန်းပေါင်း ၄ သိန်းဖြင့် လေလံတင်မည်
DVB
·
November 16, 2026
Photo: DVB
Photo: DVB
Donate to DVB

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီး လူအမြောက်အမြား သေဆုံးခဲ့ရတဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အအုံရဲ့ မြေနေရာကို ငွေကျပ် သိန်း ၄ သိန်းနဲ့ လေလံတင်ရောင်းချဖို့ ပြင်နေတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

Sky Villa ကွန်ဒိုဟာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးအကြား လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် ပြိုကျခဲ့ပြီး လူရာနဲ့ချီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကွန်ဒိုမြေနေရာကို ရောင်းချပြီး ရရှိလာတဲ့ ငွေကြေးထဲက ၆၀ ရာခိုင်နှုန်းကို နစ်နာသူ အခန်းပိုင်ရှင်တွေကို ပေးပြီး ၄၀ ရာခိုင်နှုန်းကို ကွန်ဒိုဆောက်လုပ်ခဲ့တဲ့ NTL ကုမ္ပဏီက ယူမယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “မန္တလေးမှာလည်း ဂယက်တွေထနေတာ။ ဘယ်သူကဝယ်မယ် ဘာတွေနဲ့။ ကျပ် သိန်း ၄ သိန်းနဲ့ တင်ရောင်းနေကြတာ။ အဲဒီကရတာကို နစ်နာခဲ့တဲ့သူတွေကို ဘယ်လောက် ဘယ်လောက် ဆိုပြီး လျော်ကြေးအနေနဲ့ ပေးမှာပေါ့။ ကြားတာတော့ သောကြာနေ့တည်းက ကြားနေတာ” လို့ ပြောပါတယ်။

အဲဒီ Sky Villa ကွန်ဒိုဆောက်ထားတဲ့နေရာဟာ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်ေကြားက ရေစစ်ကန်ဘေးမှာ တည်ရှိတာဖြစ်ပြီး ပြင်းအား ၉ ဒသမ ၀ အဆင့်ရှိ ငလျင်ဒဏ်ကို ခံနိုင်တယ်လို့ ပြောပြီး အခန်းတွေ ရောင်းချခဲ့တာပါ။

အဲဒီလို ပြောဆို ရောင်းချခဲ့ပေမဲ့ ပြင်းအား အင်အား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်စဉ် ကွန်ဒိုရဲ့ အဆောက်အအုံအားလုံး ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ကွန်ဒိုဆောက်လုပ်ခဲ့တဲ့ NLT ကုမ္ပဏီပိုင်ရှင် ဦးနိုင်လင်းထွန်းကို သက်ဆိုင်ရာက တရားစွဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတဲ့အပြင် သေဆုံးသူတွေနဲ့ နစ်နာသူတွေကို လျော်ကြေးအပြည့်အဝ မပေးတာကြောင့် အငြင်းပွားနေဆဲ အခြေအနေလည်း ဖြစ်ပါတယ်။

လက်ရှိမှာ နစ်နာသူတွေဘက်က လျော်ကြေးရလိုမှုနဲ့ တိုင်းအစိုးရထံ စာတင်ထားတာရှိပြီး သေဆုံးသူ ၁၄၀ ကျော်သာ လျော်ကြေး သိန်း ၁၀၀ စီ လက်ခံထားတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “သေတဲ့သူတွေက နည်းတာမှမဟုတ်တာ။ အဲဒါတွေလည်း မရကြလို့ တချို့က အစိုးရရုံးမှာ စာတင်တာတွေဘာတွေ လုပ်ကြတယ်” လို့ ပြောပါတယ်။

အခု ကွန်ဒိုနေရာကို လေလံတင်ရောင်းချမဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အခန်းပိုင်ရှင်တွေ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက မန္တလေးက အောင်မြင်ခြင်းဟိုတယ်မှာ တွေ့ဆုံပြီး သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013