
၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ မန္တလေး Sky Villa ကွန်ဒို ဆောက်လုပ်ရေးပိုင်ရှင်ကို အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။
ဒါပေမဲ့ ဒီပြစ်ဒဏ်ဟာ ဆုံးရှုံးမှုတွေနဲ့ နှိုင်းယှဉ်ရင် မမျှတတဲ့အတွက် တရားမျှတမှုမရဘူးလို့ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုဝင်တွေက ဝေဖန်လိုက်ပါတယ်။
စစ်ကိုင်းငလျင်ဖြစ်ရပ်ဆိုးမှာ ထိခိုက်သေဆုံးမှုများခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုကို တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီရဲ့ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ဇွန် ၂၃ ရက်က အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က မြေညီထပ်အပါအဝင် ၁၁ ထပ်မြင့် Sky Villa ကွန်ဒိုကြီး ပြိုကျခဲ့ပြီး၊ လူပေါင်း ၂၀၆ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဆုံးရှုံးမှုတွေနဲ့ နှိုင်းယှဉ်ရင် ပြစ်ဒဏ်အပေါ် ကျေနပ်မှုမရှိပေမဲ့ နောက်ထပ် အလားတူ ဖြစ်ရပ်ဆိုးတွေ မကြုံရအောင် အာဏာပိုင်တွေဘက်က သေချာစစ်ဆေးဖို့ သေဆုံးသူရဲ့ မိသားစုဝင်တယောက်က တိုက်တွန်းထားပါတယ်။
Sky Villa Condo ပြိုကျမှုကြောင့် နစ်နာသူမိသားစုဝင်တယောက်က “သူ ကျူးလွန်ထားတဲ့ ပြစ်မှုနဲ့တော့ မမျှဘူးလို့တော့ ထင်တာပေါ့။ လိုက်လည်း ငွေကုန်လူပန်းပဲ ဖြစ်မှာပဲလေ၊ အနာဟောင်းက အနာသစ် မဖြစ်ချင်တော့ဘူးပေါ့နော်။ တော်တော်လေး နစ်နာဆုံးရှုံးခဲ့ရတယ်။ ဖြစ်လာမှ လုပ်တယ်ဆိုတဲ့ ဟာတွေကလည်း မကောင်းဘူးလေ။ မဖြစ်ခင်ကတည်းက ထိထိရောက်ရောက် ကြိုတင်ကာကွယ်ထားဖို့ လိုတာပေါ့။ ထိထိရောက်ရောက် ကာကွယ်ဖို့ဆိုတာ အဓိကတော့ အဲဒီစစ်ဆေးတဲ့ အဖွဲ့တွေက သေချာတိတိကျကျ မှန်မှန်ကန်ကန် စစ်ဆေးဖို့ လိုတာပေါ့” လို့ ပြောပါတယ်။
ငလျင်အပြီးမှာ NTL ကုမ္ပဏီဘက်က သေဆုံးသူတယောက်ကို ကျပ်သိန်း ၁၀၀ နှုန်းနဲ့ နစ်နာကြေးပေးခဲ့ပေမဲ့၊ တခန်းကို ကျပ်သိန်း ၆,၅၀၀ အထက်ပေးပြီး ဝယ်ယူခဲ့ကြတဲ့ ကွန်ဒိုပိုင်ရှင်တွေဟာ အခုချိန်မှာတော့ အိမ်ပိုင်ဆိုင်ခဲ့တဲ့ ဘဝကနေ အငှားနေထိုင်နေကြရတဲ့ အခြေအနေကို ရောက်ရှိသွားကြရပါတယ်။
Sky Villa ကွန်ဒိုမှ အခန်းပိုင်တယောက်က “နစ်နာထားတဲ့ မိသားစုတွေကိုတော့ နစ်နာသလိုမျိုးလေးတော့ ကြည့်ပေးစေချင်တာပေါ့။ ငါတို့ဆိုရင် လောလောဆယ် အခု အခန်းပိုင်ရှင်တွေကနေပြီးတော့ အငှားဖြစ်သွားပြီ။ ဒီ အခုခေတ် မြေဈေးက အဆောက်အအုံ ပြန်ဝယ်မယ်ဆိုလို့ ဒီလိုမျိုး ဝယ်မယ်ဆိုလို့ရှိရင်လည်း ဝယ်ဖို့က ပိုက်ဆံ အလုံအလောက် မရှိတော့ဘူး။ ပါတာ ရှိတဲ့ စုဆောင်းတာတွေလည်း အကုန်ပါသွားပြီလေ။ ဘာမှလည်း ပြန်မရထားသေးဘူးလေ။ သူတို့ ပေးတယ်ဆိုတာက တကယ် တကယ် loss ရဲ့ ၅ ရာခိုင်နှုန်း လောက်ပဲ ရှိတာပါ။ ပေးတယ်ဆိုတာလေးကလည်း။ အဓိကကတော့ နေစရာနေရာ ပျောက်သွားတာပေါ့။ အပိုင်ကနေ အငှားဖြစ်သွားတာ။ အပိုင်တယောက်ဖြစ်ဖို့ မနည်း တော်တော် ကြိုးစားပမ်းစား ဝယ်ယူထားရတာမလား။ အဲဒီတော့ နစ်နာထားတဲ့သူတွေတော့ နစ်နာသလိုမျိုးလေးတော့ ကြည့်ပေးစေချင်တာပေါ့။ အဲဒါပဲ ရှိတာပါ။"
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီးကြောင့် နိုင်ငံအနှံ့က လူပေါင်း ၃,၈၀၀ နီးပါး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Sky Villa ကွန်ဒိုမှာတော့ လူ ၄၀၀ ကျော် နေထိုင်ခဲ့တယ်လို့ သိရပြီး၊ အဆိုပါ ကွန်ဒိုပြိုကျမှုဟာ မန္တလေးငလျင်အတွင်း လူအသေအပျောက် အများဆုံး အဆောက်အအုံပြိုကျမှုတွေထဲက တခု ဖြစ်ခဲ့ပါတယ်။










