
အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၁ နှစ်ခွဲကျော်ကြာခဲ့ပေမဲ့ ပျက်စီးသွားတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပြန်ဆောက်ခွင့်မရသေးဘူးလို့ Burma Human Rights Network (BHRN) က အောက်တိုဘာ ၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။
BHRN ရဲ့မှတ်တမ်းတွေအရ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နယ်မြေ၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့က ၂၉ မြို့နယ်မှာ ငလျင်ဒဏ်သင့် ဗလီနဲ့ တခြား အစ္စလာမ် ဘာသာရေးအဆောက်အအုံ အနည်းဆုံး ၁၈၀ ရှိတယ်လို့ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်နေ့က အင်အား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီးကြောင့် ဗလီတွေနဲ့ တခြား အစ္စလာမ်ဘာသာရေး အဆောက်အအုံတွေ ပြိုကျလို့ အနည်းဆုံး မွတ်စလင်မ် အယောက် ၆၇၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်အာဏာရှင်ဟာ ပျက်စီးသွားတဲ့ ဗလီတွေကို ဖျက်သိမ်းဖို့၊ ပြုပြင်ဖို့နဲ့ ပြန်လည်တည်ဆောက်ဖို့ကို ကန့်သတ်ထားခဲ့ပြီး မန္တလေးမှာ ဗလီပေါင်း ၇၀ ကျော် ဖျက်သိမ်းပြန်ဆောက်ဖို့ လျှောက်ထားခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့အထိ ၄ လုံးပဲ ပြုပြင်ခွင့်ရသေးတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
BHRN ရဲ့ မှတ်တမ်းတွေအရ ဘုံးအိုကျေးရွာမှာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ ပျက်စီးသွားတဲ့ ဗလီတွေထဲက ဘယ်ဗလီမှ ဖျက်သိမ်းဖို့တောင် ခွင့်ပြုချက်မရသေးဘူးလို့ ဆိုပါတယ်။
အစီရင်ခံစာနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတယောက်က “အဓိက တွေ့ရှိချက် ၂ ချက် ရှိတယ်။ တချက်က နှစ် ၆၀ ကျော်ကြာအောင် ဗလီတွေကိုပြင်ဆင်ခွင့် ခက်ခဲအောင်လုပ်ထားတော့ အိုဟောင်းနေတဲ့ဗလီတွေရဲ့ စလက်(Slab)တွေ၊ အုတ်ရိုးတွေက ငလျင်လှုပ်တော့ ဝတ်ပြုဖို့ လာတဲ့လူတွေပေါ် ပြိုကျကုန်တော့ အသေအပျောက် အရမ်းများသွားတယ်။ နောက်တချက်က နှစ် ၁၀၀၊ ၂၀၀ ကျော်က ရှိခဲ့တဲ့ မန္တလေး၊ အမရပူရ၊ အင်းဝတခွင်က ဗလီတွေ ပြန်ဆောက်ခွင့် ပြုဖို့ အခုထိ ကြန့်ကြာနေတာက သမိုင်းဖျောက်ချင်လို့၊ ငွေပေးပြီးနားလည်မှုနဲ့ ပြင်ဆင်ပါလို့ ခွင့်ပြုပေးတာတွေက တချိန်မှာ မွတ်စလင်တွေက ဗလီခိုးဆောက်တယ်တို့၊ ခိုးဝင်တယ်တို့၊ သူတို့ ဝါဒဖြန့်ထားခဲ့တဲ့ အကွက်ထဲ ကျုံးသွင်းတာပဲ” လို့ ပြောပါတယ်။
ဗလီတွေဆောက်လုပ်တဲ့အပေါ် ၁၉၆၂ ခုနှစ်၊ စစ်အာဏာမသိမ်းခင်ကပဲ ထင်ထင်ရှားရှား ကန့်သတ်ထားခဲ့ပြီး Human Rights Watch ရဲ့ သီးခြားမှတ်တမ်းတွေအရ ဗလီဆောက်လုပ်တာနဲ့ ပြုပြင်တဲ့အပေါ်ကန့်သတ်ချက်တွေဟာ အနည်းဆုံး ၁၉၆၀ ပြည့်လွန်နှစ်တွေ အစောပိုင်းကတည်း က ရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အမရပူရမြို့နယ်က ကိုယ်ရံတော်ဗလီမှာ ရာစုနှစ်လောက်သက်တမ်းရှိတဲ့ အဆောက်အအုံကို ပြုပြင်ဖို့ ထပ်ခါတလဲလဲ လျှောက်ထားခဲ့ပေမဲ့ လျှောက်လွှာတွေဟာ အစိုးရရုံးဌာနတွေအကြား လှည့်ပတ်နေခဲ့ပြီး ခွင့်ပြုမိန့်မရတာကြောင့် လူထုဟာ အသေးစားပြုပြင်တွေပဲ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဗလီနဲ့နီးစပ်သူတယောက်က “ဗလီကိုပြုပြင်ဖို့ ခွင့်ပြုချက်ရအောင် အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ ခွင့်ပြုချက်မရနိုင်တော့တဲ့အခါ ဒီနေရာမှာ ဒီဟာလေးပြင်၊ ဟိုနေရာမှာ ဟိုဟာလေးလဲပြီး ဗလီကို တတ်နိုင်သမျှဆက်အသုံးပြုပြီး ဝတ်ပြုနေရတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဘာသာရေးအဆောက်အအုံတွေ ဆောက်လုပ်ဖို့၊ ပြန်လည်တည်ဆောက်ဖို့အတွက် တပြေးညီ လုပ်ငန်းစဉ်ကို သတ်မှတ်ထားတဲ့သီးခြားဥပဒေ မရှိသလို စည်ပင်သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ သာသနာရေးဆိုင်ရာရုံးတို့အကြား ဘယ်ဌာနက ဘယ်အာဏာပိုင်ခွင့်ကို ကျင့်သုံးရမယ်ဆိုတာကို ဥပဒေအရ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ မရှိဘူးလို့လည်း ရှေ့နေတယောက်ကို ကိုးကားဖော်ပြပါတယ်။
ဗလီတွေကို ပြုပြင် ပြန်ဆောက်ခွင့်မရတဲ့အဓိက အကြောင်းပြချက်ကတော့ သာသနာ့မြေ ဖြစ်ကြောင်း အထောက်အထားဖြစ်ပြီး ရှေးဟောင်းဗလီတွေဟာ သာသနာ့မြေအနေနဲ့ ဂရန် မပေါက်ထားတဲ့အတွက် ပြန်ဆောက်လုပ်ခွင့်တင်တဲ့အခါ ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့် အထောက်အထားတွေပြဖို့ လိုအပ်ချက်တွေရှိနေသလို သာသနာ့နယ်မြေဖြစ်ကြောင်း အထောက်အထားပြနိုင်တဲ့ ဗလီတွေကိုလည်း တခြားအကြောင်းပြချက်တွေနဲ့ ပြန်လည် ဆောက်လုပ်ခွင့် မပေးသေးတာ ဖြစ်ပါတယ်။
မန္တလေးမြို့က ဗလီတော်တော်များများဟာ လက်ရှိမြေယာမှတ်ပုံတင်စနစ်တွေ မပေါ်ပေါက်မီ ရှင်ဘုရင် အုပ်ချုပ်ရေးခေတ်က ပေးအပ်ထားတာ၊ ဘိုးဘွားပိုင်မြေကို အသုံးပြုတာ စတာတွေ ကြောင့် သာသနာ့မြေအဖြစ် စာရင်းမဝင်ဘဲဖြစ်နေတာလို့ ဆိုပါတယ်။
ဗလီပြန်ဆောက်ခွင့်ရဖို့အတွက် အရင်ဆုံး စည်ပင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ထောက်ခံချက်တွေနဲ့အတူ သာသနာရေးဝန်ကြီးဌာနဆီကို ဆောက်လုပ်ခွင့် လျှောက်ထား ရပြီး သာသနာရေးဝန်ကြီးဌာနက ခွင့်ပြုပြီးရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ထပ်တင်ပြရပြီး အဲဒီက ခွင့်ပြုပြီးရင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီကို ထပ်တင်ပြ ရမယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဟာ ပျက်စီးသွားတဲ့ ဗလီတွေကို ပြန်ဆောက်ခွင့်မပေးတဲ့အပြင် ချိပ်ပိတ်ခဲ့တာ ပါရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်ကိုင်းမြို့ပေါ် မြို့မရဲစခန်းနဲ့ ကပ်လျက်မှာရှိတဲ့ ဂါတ်တန်းဗလီကို ရဲစခန်းနယ်မြေထဲမှာ ပါတယ်ဆိုပြီး ၂၀၂၅ ခုနှစ်၊ မေလကုန်ပိုင်းမှာ ချိပ်ပိတ်ခဲ့ပါတယ်။
အဲဒီဗလီဘေးက ရဲစခန်းဝင်းကိုရော ဗလီမြေနေရာကိုပါ မွတ်စလင်အလှူရှင်တယောက်က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ ဥရောပသမဂ္ဂ၊ အာဆီနိုင်ငံတွေအနေနဲ့ မြန်မာစစ်အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေအပေါ် သေချာပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့နဲ့ အရပ်သားတွေ ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ BHRN က တိုက်တွန်းပါတယ်။
ပြီးတော့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရရှိနိုင်မှု၊ လက်နက်၊ လေယာဉ်ဆီ၊ စက်ပစ္စည်းနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အကူပြုနိုင်တဲ့ တခြားအရင်းအမြစ်တွေ မရနိုင်အောင် ကန့်သတ်ဖို့လည်း တောင်းဆိုပါတယ်။
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာနဲ့ ပြည်တွင်း တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့နဲ့ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ တခြားသင့်တဲ့ နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ယန္တရားတွေဆီ လွှဲပြောင်းပေးပို့ရေးကို ထောက်ခံဖို့ စတာတွေကိုလည်း တောင်းဆိုထားပါတယ်။











