DVB Logo
Home
မြန်မာသတင်း
နောင်ချို မြို့မဗလီကို သိမ်းဆည်းရန် စစ်အာဏာရှင်တရားရုံးက ဆုံးဖြတ်
DVB
·
October 25, 2026
Photo : ဒေသခံ
Photo : ဒေသခံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝတ်ပြုဆုတောင်းရာ နောင်ချိုမြို့မဗလီကို အယူခံပြင်ဆင်ရက်ကျော်ရင် သိမ်းဆည်းမယ်လို့ စစ်အာဏာရှင်ဩဇာခံ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ စစ်အာဏာရှင်ရဲ့ တရားစွဲဆို ထောင်ချခံထားရသူ ၂ ယောက်ဖြစ်တဲ့ နောက်ချိုမြို့၊ ဘူတာရပ်ကွက်၊ နယ်မြေ ၄၊ အကွက် ၁ နေ ဦးလှထွေး၊ ဦးစိုးသိန်းတို့အမှုနဲ့ အဆက်အစပ်ရှိတာကြောင့် နောင်ချိုဗလီကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတာလို့ တရားရုံးအမိန့်စာအရ သိရပြီး ကျောက်မဲခရိုင်တရားသူကြီး ကျော်စိုးခိုင်က အောက်တိုဘာ ၂၂ ရက်နေ့မှာ အမိန့်ချတာလို့ ဒေသခံတွေက ပြောပါတယ်။

ထောင်ချခံရသူတွေရဲ ဗလီရဲ့ ဂေါပကတွေဖြစ်ပြီး သူတို့ကို ထောင်ချရင်လည်း အများနဲ့ဆိုင်တဲ့ ဗလီကိုတော့ သိမ်းဆည်းတာမဖြစ်သင့်ဘူးလို့ အစ္စလာမ်ဘာသာဝင်တွေက ဝေဖန်နေကြပါတယ်။

အစ္စလာမ်ဘာသာဝင်တယောက်က “စစ်တပ်က ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ ငြိလို့ရှိရင် လူကိုပဲ အပြစ်ပေးရမှာလေ။ အခုက တယောက်ကို ထောင်ဒဏ် ၁၄ နှစ်တောင်ချတယ်။ လူကို ထောင်ချပြီးပြီဆိုတော့ ဗလီနဲ့က ဘာမှ မဆိုင်ဘူး” လို့ ပြောပါတယ်။

ဗလီရဲ့ ဂေါပကဥက္ကဋ္ဌ ဦးလှထွေးနဲ့ အတွင်းရေးမှူး ဦးစိုးသိန်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) အတွက် ထောင် ၁၁ နှစ်၊ ပုဒ်မ ၅၂ (က) အတွက် ထောင် ၃ နှစ်ချပြီး တပေါင်းတည်းကျခံစေဖို့ဆုံးဖြတ်တာကြောင့် ထောင်ဒဏ် ၁၁ နှစ်စီ ချခံရတာဖြစ်ပါတယ်။

နောင်ချိုမြို့မဗလီကို သိမ်းဆည်းဖို့ တရားရုံးက အမိန့်ချထားတဲ့အပြင် ဟိန္ဒူဓမ္မသာလာနဲ့ ပြည်သူ့နေအိမ် ၅၀ ကျော်ကိုလည်း ချိပ်ပိတ်သိမ်းဆည်းထားပါတယ်။ 

နောင်ချိုမြို့ကို TNLA ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ သိမ်းယူခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

နောင်ချိုမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်၊ ပတ်သက်၊ ထောက်ပံ့တယ်လို့ ယူဆရတဲ့ ပြည်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးပြီး နေအိမ်၊ ဆေးခန်း၊ ဈေးဆိုင်နဲ့ အလုပ်အကိုင်တွေကို ပိတ်သိမ်းသလို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆို ထောင်ချနေတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013