
ရှမ်းပြည်နယ်၊ နောင်ချိုမြို့လယ်မှာရှိတဲ့ ဗလီအဆောက်အအုံကို စစ်အာဏာရှင် လက်အောက်ခံ တရားရုံးက ချိပ်ပိတ်သိမ်းယူဖို့ အမိန့်ချခဲ့တဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ (CSW) က အောက်တိုဘာ ၂၆ ရက်မှာ ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်ကြောင်းလည်း CSW က ပြောပါတယ်။
CSW အဖွဲ့ရဲ့ တည်ထောင်သူ ဥက္ကဋ္ဌ မာဗင် သောမတ်စ်က " နောင်ချိုဗလီကို တရားရုံးအမိန့်နဲ့ သိမ်းယူလိုက်တာဟာ မြန်မာနိုင်ငံက ဘာသာရေးလူနည်းစုတွေကို ပစ်မှတ်ထားဖို့အတွက် တရားစီရင်ရေးစနစ်ကို လက်နက်သဖွယ် ပြောင်ပြောင်တင်းတင်းအသုံးပြုလိုက်တာဖြစ်တယ်။ ဝတ်ပြုရာနေရာတခုဟာ သူတို့နဲ့ သက်ဆိုင်တဲ့ လူ့အသိုက်အဝန်းတခုလုံး ပိုင်ဆိုင်တဲ့ အရာဖြစ်ပြီး၊ ဂေါပကအဖွဲ့ဝင် တဦးချင်းစီအပေါ် စွပ်စွဲချက်တွေကို အကြောင်းပြပြီး ဒီနေရာကို သိမ်းယူ လိုက်တာဟာ တရားမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ရာရောက်သလို၊ ဘာသာရေး ဒါမှမဟုတ် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါ့အပြင် ဒါဟာ ဘာသာရေးလူနည်းစု အုပ်စုတခုလုံးအပေါ် စုပေါင်းပြစ်ဒဏ်ပေးတာလည်း ဖြစ်တယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ နိုင်ငံတဝန်းရှိ ဘာသာရေးအသိုက်အဝန်းတွေရဲ့ အခွင့်အရေး တွေကို ဆက်တိုက်ချိုးဖောက်နေတဲ့ စစ်အာဏာရှင်အဖွဲ့အစည်းကို မဖြစ်မနေတာဝန်ခံမှုရှိစေဖို့ လုပ်ရမယ်"လို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ကျောက်မဲခရိုင်တရားရုံးဟာ နောင်ချိုမြို့လယ်မှာရှိတဲ့ မြို့မဗလီ ကို နိုင်ငံပိုင်အဖြစ် သိမ်းယူဖို့ အမိန့်ချခဲ့ပါတယ်။
ဒါ့အပြင် ဗလီတာ၀န်ရှိသူတွေ ဖြစ်တဲ့ ဦးလှထွေးနဲ့ ဦးစိုးသိန်းတို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)တွေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၃ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့၀င် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မဟာမိတ်တပ်တွေက နောင်ချိုမြို့ကို လအတော်ကြာ ထိန်းချုပ်ခဲ့ ပါတယ်။
နောက်ပိုင်းမှာ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းကနေရော၊ လက်နက်ကြီးနဲ့ပါ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် ၂၀၂၅ ဇူလိုင်လမှာ လက်လွတ်ခဲ့ရ တာပါ။
နောင်ချိုမြို့ကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ပြီးတဲ့နောက်မှာတော့ မြိုမဗလီကို ခွင့်ပြုချက်မဲ့ မွမ်းမံပြင်ဆင်ထားခဲ့တယ်လို စွပ်စွဲပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပြီး ဗလီတာဝန်ရှိသူတွေဟာ TNLA တပ်တွေကို ရိက္ခာနဲ့ တခြားလိုအပ်တာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လည်း စွပ်စွဲခဲ့ပါတယ်။
ဒေသခံတွေကတော့ ဒီစွပ်စွဲမှုတွေဟာ ဗလီအဆောက်အအုံနဲ့ မြေနေရာကို ချိတ်ပိတ်ဖို့အတွက် ရည်ရွယ်ဖန်တီးတဲ့ အကြောင်းပြချက် သက်သက်တွေသာ ဖြစ်တယ်လို့ တုံပြန်ခဲ့တာပါ။
စစ်အာဏာရှင်တပ်ဟာ ဗလီကို သိမ်းယူတဲ့အပြင် ဟိန္ဒူဂေါ်ရခါး ဓမ္မသလ ၄ ထပ် အဆောက်အအုံကိုလည်း ပိတ်ထားစေပြီး ဒေသခံတွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်း အများအပြားကိုပါ ချိတ်ပိတ်ထားပါတယ်။
နောင်ချိုမြို့မဗလီ ချိပ်ပိတ်သိမ်းခံရမှုနဲ့ ပတ်သက်ပြီး ဒီအမိန့်အတွက် ပြည်နယ်တရားရုံးကို အယူခံသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ တာဝန်ရှိသူတချို့က သတင်းမီဒီယာတွေကို ပြောထားပါတယ်။
နိုင်ငံတဝန်းမှာလည်း စစ်အာဏာရှင်တပ်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။
အမေရိကန်အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) နဲ့ ကုလသမဂ္ဂ (UN) တို့က မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံး ချိုးဖောက်နေတဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။











