တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို လားရှိုးကနေ နောင်ချိုမှတဆင့် မန္တလေးအထိ သယ်ယူပို့ဆောင်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်ကြေးတွေအပြင် နောင်ချိုမြို့အဝင်မှာ စစ်တပ်အရာရှိကိုပါ ငွေကျပ်သိန်းရာချီပေးပြီး ညှိနှိုင်းနေကြရတယ်လို့ ကုန်သည်တွေနဲ့ ကယ်ရီလုပ်ကိုင်သူတွေက ပြောပါတယ်။
ကားတစီးကို လမ်းတလျှောက် ကုန်ကျစရိတ်နဲ့ ဂိတ်ကြေးတွေအတွက် ကျပ်သိန်းရာနဲ့ချီ သုံးစွဲရပြီး နောင်ချိုရောက်ချိန်မှာ စစ်တပ်ဘက်ကို ထပ်မံပေးဆောင်ရတာကြောင့် တခါတလေ ကားတစ်စီးအတွက် ကျပ်သိန်း ၁၀၀ တောင် မကျန်တော့ဘူးလို့ ကယ်ရီ လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ကယ်ရီ လုပ်ကိုင်သူတယောက်က “နောင်ချိုမြို့ကိုဝင်တာနဲ့ တရုတ်ကုန်စည်တွေ ဝင်နိုင်ဖို့ ရဲ၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ တပ်မမှူး၊ ဗျူဟာမှူး၊ ဗိုလ်မှူးတွေကအစ အကုန်ကို ပေးနေရတာ။ သိန်း ၁,၀၀၀ လောက်ကုန်ကျတယ်။ ကျနော်တို့ တကယ်ကျန်တာက ကားတစီးကို သိန်း ၁၀၀ လောက်ပဲ ကျန်တယ်” လို့ ပြောပါတယ်။
စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား ပြည်ထောင်စုလမ်းကြောင်း ပိတ်ထားတာကြောင့် လားရှိုးကနေ တော့ဆန်၊ နမ့်ဆန်၊ နောင်ချိုလမ်းကြောင်းကို အသုံးပြုနေရတာဖြစ်ပြီး မိုးရာသီ လမ်းခရီးအခက်အခဲတွေကလည်း ကုန်ကျစရိတ်ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။
တရုတ်ကုန်စည် ၁၅ တန်တင်ဆောင်တဲ့ ကားတစီးဟာ နောင်ချိုမရောက်ခင် လမ်းတလျှောက် ဂိတ်ကြေး၊ ကားဆွဲခနဲ့ အခြားကုန်ကျစရိတ်တွေအတွက် ကျပ်သိန်း ၃၇၀ ဝန်းကျင် ကုန်ကျတယ်လို့ ကုန်သည်တယောက်က ပြောပါတယ်။
“နောင်ချိုကို ဝင်ဖို့ရယ်၊ နောင်ချိုကနေ မန္တလေးအထိ သွားဖို့ရယ်အတွက် ညှိနှိုင်းရတာတွေ ရှိတယ်။ တရုတ်ပြည်မှာ ကျပ် ၅၀၀ နဲ့ ဝယ်ထားတဲ့ ပစ္စည်းတခုဟာ မန္တလေးရောက်တဲ့အချိန်မှာ သယ်ယူစရိတ်နဲ့ ပေးရတဲ့ငွေတွေ ပေါင်းလိုက်ရင် မူရင်းဈေးထက် သုံးဆ၊ လေးဆအထိ ဈေးတက်သွားတယ်။”
စစ်တပ်ဟာ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတချို့ကို တပ်တွင်းသက်သာချောင်ချိရေးအတွက် ပြန်လည်ရောင်းချတာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ကားအပိုပစ္စည်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ဆိုင်တွေမှာ လျှော့ဈေးနဲ့ ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။
ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာဟာ ကုန်သည်တွေနဲ့ ကားသမားတွေကိုသာမက နောက်ဆုံး ဝယ်ယူသုံးစွဲရတဲ့ ပြည်သူတွေအပေါ်ပါ တိုက်ရိုက်သက်ရောက်နေပြီး တရုတ်ကုန်ပစ္စည်းတွေ ပြည်တွင်းဈေးကွက်ကို ရောက်ရှိလာချိန်မှာ မူရင်းဈေးထက် အဆများစွာ မြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်နေတယ်လို့ ကုန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။











