
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကဘန်းနယ်မြေထဲမှာ တရုတ်အလုပ်ရှင် တယောက် သေဆုံး၊ တယောက် ဒဏ်ရာရတဲ့အထိ ရိုက်နှက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာအလုပ်သမား လင်မယား ၂ စုံတွဲကို အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီလောက်မှာ ဖမ်းဆီးရမိပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါ ၂ စုံတွဲဟာ ရိုက်နှက်မှု ကျူးလွန်ပြီး ချွန်းပူးရီးခရိုင်၊ ဖရတ်နိခုမ်းမြို့နယ်၊ ဆာ့ဆီလိမ်အုပ်စု ဟိုထနွန်ကျေးရွာက ဧက ၅၀ ကျော်ခန့် ကျယ်ဝန်းတဲ့ ကြံစိုက်ခင်းထဲမှာ ပုန်းရှောင်နေကြောင်း သတင်းရတာကြောင့် ဖရတ်နိခုမ်းနယ်မြေခံရဲတပ်ဖွဲ့၊ လတ်ကဘန်းအုပ်ချုပ်ရေးဌာနနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပါတဲ့ ပူးပေါင်းအင်အား ၁၀၀ လောက်ဟာဝိုင်းဝန်း ပိတ်ဆို့ ရှာဖွေခဲ့တယ်လို့ ဆာ့ဆီလိမ်ကျေးရွာ အုပ်ချုပ်ရေးမှူး ကမ်နန်းဆေက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ဒရုန်းတွေ ပစ်လွှတ်ရှာဖွေပြီး အသာတကြည် အဖမ်းခံဖို့ အသံချဲ့စက်နဲ့ အော်ပြောခဲ့တယ်၊ ပိတ်ဆို့ချိန် ၅ နာရီလောက် အကြာမှာတော့ ပုန်းအောင်းနေသူတွေဟာ အလွန်နွမ်းလျနေတဲ့ပုံစံတွေနဲ့ ကြံခင်းထဲက ထွက်လာပြီး ကြံခင်းအစပ်မှာ စောင့်ကြပ်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ လျှောက်လာတယ်၊ သူတို့ဟာ အလုပ်ရှင်ကို ရိုက်နှက်ထွက်ပြေးလာသူတွေဖြစ်ကြောင်း ဝန်ခံပြီး အဖမ်းခံလိုက်တယ်၊ အလွန်ဆာလောင်နေတာကြောင့် အစာရေစာတွေလည်း တောင်းခံခဲ့တယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့ကို ထိန်းသိမ်းလိုက်ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားလိုက်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကလည်း သူတို့ ၄ ယောက်ဟာ မင်ဘူရီခရိုင် တရားရုံးက ထုတ်ထားတဲ့ ဖမ်းဝရမ်းပါ တရားခံတွေ ဟုတ်၊ မဟုတ် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တာကြောင့် ဥပဒေအရ အရေးယူဖို့ လတ်ကဘန်းနယ်မြေ ရဲတပ်ဖွဲ့ကို ဆက်လက်လွှဲပြောင်းပေးလိုက်ပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာ ၂၇ ရက် ည ၈ နာရီလောက်က ဘန်ကောက် လတ်ကဘန်းနယ်မြေ ခလောင်းဆောင်တွန့်နွန်းအုပ်စု ဖတ်ထနားချွန်းနဘုတ်ရပ်ကွက်က ဆောက်လုပ်ရေး အလုပ်သမားတန်းလျားမှာ အလုပ်သမားက အလုပ်ရှင် တရုတ်နိုင်ငံသား ၂ ယောက်ကို ရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်။
တရုတ်အလုပ်ရှင်က အလုပ်သမား ၆၀ ကျော်ကို လုပ်အားခ လာရှင်းပေးစဉ် အလုပ်သမားလင်မယား ၂ စုံတွဲနဲ့ အချင်းများခဲ့ပါတယ်။
မျက်မြင်သက်သေ အလုပ်သမားတွေ ပြောပြချက်အရ အဆိုပါ ၂ စုံတွဲဟာ လုပ်ငန်းခွင်မှာ အဆင်မပြေလို့ အလုပ်ထွက်ဖို့ ပြင်ထားကြတယ်၊ ဒါပေမဲ့ အလုပ်ရှင်က လုပ်အားခ အကုန် မရှင်းပေးသေးလို့ မထွက်နိုင်သေးဘူး၊ လုပ်အားခ အကုန်ရှင်းပေးဖို့ တောင်းဆိုတော့ အလုပ်ရှင်က သူတို့ အလုပ်လုပ်တာ အသုံးမကျဘူးလို့ ဆူပူကြိမ်းမောင်းရာက စကားများကြတယ်၊ အဲဒီနောက် အလုပ်သမားက အနီးက သံတုတ်နဲ့ အလုပ်ရှင်ကို ရိုက်နှက်တယ်။
ရိုက်နှက်မှုကြောင့် အသက် ၃၉ နှစ်အရွယ် ယန်းကျုန်းရှီးဆိုသူ အလုပ်ရှင်မှာ ဦးခေါင်းနဲ့ မျက်နှာမှာ ပြင်းထန်စွာ ဒဏ်ရာရပြီး ရဲတပ်ဖွဲ့ ကယ်ဆယ်ရေးတွေ ရောက်လာစဉ်မှာပဲ သေဆုံးသွားခဲ့တယ်။
နောက်ထပ် အသက် ၄၉ နှစ်အရွယ် ဟယ်စီရှန်းဆိုသူ အလုပ်ရှင်ကလည်း ဦးခေါင်းနဲ့ ကျောကုန်းမှာ ဓားထိုးခံဒဏ်ရာ ရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဆီရင်းထွဏ်း ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်နှက်မှုကျူးလွန်တဲ့ အလုပ်သမား ၂ စုံတွဲဟာ အဆိုပါ တရုတ်အလုပ်ရှင်ထံက ဘတ်ငွေ ၄၀,၀၀၀ မှ ၅၀,၀၀၀ ခန့်ပါ ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Khaosod / CH7











