
ဧရာဝတီတိုင်း၊ ဓနုဖြူက မြို့မဈေးကြီး ဧပြီ ၂၆ ရက် ဒီမနက်မှာ မီးလောင်ခဲ့လို့ ဆိုင်ခန်း ၂၅၀ ကျော် ပျက်စီးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနဆီကနေ သိရပါတယ်။
ဒီနေ့မနက် ၆ နာရီ ၂၅ မိနစ် ဝန်းကျင်လောက်မှာ မြို့မဈေးက ဆိုင်ခန်းတွေ မီးစလောင်ခဲ့တာဖြစ်ပြီး ကုန်စုံ၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စတိုးဆိုင်တွေအပါအဝင် ဈေးဆိုင်ခန်း ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်တာဝန်ရှိသူတယောက်က “မီးလောင်မှု အားကောင်းခဲ့တယ်။ လတ်တလောအနေနဲ့ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၅၀ ကျော်ကျော် မီးထဲပါသွားတယ်။ ဆက်လက်စာရင်းလုပ်နေတယ်” လို့ ပြောပါတယ်။
မီးလောင်ခဲ့တဲ့ ဓနုဖြူမြို့မဈေးဟာ ဒီနေ့ ဈေးပိတ်ရက်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေး တွက်ချက်နေတယ်လို့ သိရပါတယ်။
ဓနုဖြူမြို့ခံ ဈေးသူတယောက်က “လူတွေ ထိခိုက်တာမရှိဘူး။ ဈေးကြီးကတော့ တခုလုံးနီးပါးပဲ မီးထဲပါသွားတာ။ မီးလောင်မှုဖြစ်လို့ တော်တော်များများ မီးထဲပါသွားမှ သိရတာ။ ဒီနေ့က ဈေးပိတ်တယ်လေ” လို့ ပြောပါတယ်။
ဓနုဖြူ မြို့မဈေးမှာ စုစုပေါင်း ဈေးဆိုင်ခန်း ၄၁၀ ရှိပြီး မီးလောင်ပြီး အချိန် ၁ နာရီကျော်ကြာ မနက် ၇ နာရီနဲ့ ၅၅ မိနစ် ဝန်းကျင်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်ရာကို ခရိုင်နဲ့မြို့နယ် မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၁၄ စီး အသုံးပြုပြီး အရန်နဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အယောက် ၁၂၀ ကျော်၊ ပရဟိတအဖွဲ့ဝင်တွေ၊ ဒေသခံတွေ၊ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။











