
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သဲဇလောက်ကျေးရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၃၁ ရက်မှာ ဗုံးကြဲဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟုမ္မလင်းလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မနေ့ နေ့လယ်ပိုင်းမှာ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်လို့ စစ်ဘေးရှောင် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရပြီး တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သူတို့ စခန်းတွေသိမ်းခံရလို့ အရပ်သားစစ်ဘေးရှောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ။ ဘုန်းကြီးကျောင်း ထိခိုက်တယ်။ အဲဒီမှာရှိနေတဲ့ အရပ်သား ၇ ဦးလည်း ထိမှန်တယ်” လို့ ပြောပါတယ်။
ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေ ဒဏ်ရာရတာဖြစ်ပြီး ဗုံးဒဏ်ကြောင့် ဘုန်းကြီးကျောင်းဆောင် တချို့လည်း ပျက်စီးခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ တောင်ဦး၊ သဲဇလောက်ရွာက စစ်တပ်ရဲ့တပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်ပါတယ်။
ဒေသခံတယောက်က “ဖားကန့် ဆယ်ဇင်းနဲ့ ဟုမ္မလင်းထဲမှာ ဖြစ်တဲ့တိုက်ပွဲ ပြင်းထန်နေတယ်။ တောင်ဦးနဲ့ သဲဇလောက်ရွာက စစ်တပ်စခန်းတွေ ပါရလို့ KIA က ရှေ့တိုးလာနိုင်တယ်” လို့ DVB ကို ပြောပါတယ်။
KIA ဟာ အောက်တိုဘာ ၁၈ ရက်နဲ့ ၂၂ ရက်မှာ တောင်ဦးကျေးရွာအုပ်စု၊ တမယ်ပုတ်ကျေးရွာက SNA တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သလို အောက်တိုဘာ ၃၀ ရက်မှာလည်း သဲဇလောက်က စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။











