DVB Logo
Home
မြန်မာသတင်း
ကော်စေ့ကုန်ကြမ်းဈေးတက်သဖြင့် ပလတ်စတစ် လုပ်ငန်းရှင်များ ရပ်တည်ရန် အခက်ကြုံ
DVB
·
November 1, 2026
Photo: Bank Gak
Photo: Bank Gak
Donate to DVB

မြန်မာပြည်တွင်း ပလတ်စတစ်ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကော်စေ့ကုန်ကြမ်း ၁ တန်ကို ကျပ်သိန်း ၁၆၀ လောက်အထိ စျေးနှုန်း မြင့်တက်လာတာကြောင့် ပလတ်စတစ် ကုန်ပစ္စည်း ထုတ်လုပ်သူတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

ပလတ်စတစ် ကုန်ပစ္စည်းတွေထုတ်လုပ်ရာမှာ သုံးစွဲတဲ့ ကော်စေ့တွေကို ထိုင်းနိုင်ငံကနေ မှာယူ တင်သွင်းရတာဖြစ်ပြီး၊ လက်ရှိမှာ ကော်စေ့ ၁ တန်ကို ကျပ်သိန်း ၁၅၀ ကနေ ၁၆၀ အထိ စျေးပေါက်နေကြောင်း ပလတ်စတစ် ကုန်ပစ္စည်းထုတ်လုပ်သူတယောက်က DVB ကို ပြောပါတယ်။

“ထိုင်းမှာ ကော်စေ့ ၁ တန်ကို မြန်မာငွေနဲ့ဆို ကျပ်သိန်း ၈၀ လောက်ပဲ ကျသင့်တာပါ။ ဒါပေမဲ့ ရနောင်းကနေ သင်္ဘောနဲ့တင်သွင်းရင် ရန်ကုန်အရောက်မှာ သယ်ယူစရိတ် ၅၀ ရာခိုင်နှုန်း ပေးရသလို၊ ရန်ကုန်ဆိပ်ကမ်း ရောက်ပြီးနောက်ပိုင်း ဂိုဒေါင်အထိ ဆင့်ကဲကုန်ကျစရိတ်တွေ ရှိတာကြောင့် ၁ တန်ကို သိန်း ၁၅၀ ကျော်သွားပါတယ်။ ပြန်လည် ရောင်းချသူတွေက ထပ်မံ စျေးတင်လိုက်တဲ့အခါ ၁ တန်ကို သိန်း ၁၆၀ နဲ့ ၁၇၀ ကြား ဖြစ်သွားတာကြောင့် အသေးစား လုပ်ငန်းတွေဆိုရင် ရပ်နားထားကြရပါတယ်။”

အခုလို ဈေးနှုန်းများ မြင့်တက်လာရတာဟာ စစ်အာဏာရှင်အစိုးရက သွင်းကုန် ပါမစ်တွေကို ပိတ်ပင်ထားတာကြောင့် ဖြစ်ပြီး၊ ပလတ်စတစ် ကုန်ချောတွေ ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်း ရရှိရေး ပြဿနာမှာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာကြောင်း အလတ်စား လုပ်ငန်းရှင်တယောက်က ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာရရှိတဲ့ ကော်စေ့ကုန်ကြမ်းတွေဟာ ကော်အဟောင်းတွေကို ပြန်လည် ကြိတ်ခွဲထားတာဖြစ်လို့ စွန်းထင်းတာ၊ အရောင်မညီတာနဲ့ အနံ့အသက် ကျန်ရှိခြင်းတို့အပြင် အရည်အသွေးမမီလို့ စက်ပစ္စည်းတွေ ချို့ယွင်းမှု ဖြစ်ပေါ်စေတာကြောင့် ပြည်ပက ကော်စေ့တွေကိုသာ အဓိက အသုံးပြုနေကြရတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကော်စေ့ ၁ တန် စျေးနှုန်းမှာ ကျပ် ၇ သိန်းကနေ ၁၀ သိန်းအထိသာ ရှိခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စျေးနှုန်းမှာ ၁၀ ဆအထိ မြင့်တက်သွားခဲ့သလို အရည်အသွေးကောင်းမွန်တဲ့ ကော်စေ့တွေပါ ဝယ်ယူဖို့ ခက်ခဲလာတာကြောင့် ပလတ်စတစ် ထုတ်ကုန်ပစ္စည်းတွေ စျေးနှုန်း မြင့်တက်လာရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013