
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်းမာမှုတွေကြောင့် မြင့်တက်လာတဲ့ ရေနံနဲ့ဆက်စပ်တဲ့ ကုန်ကျစရိတ်တွေကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ ပလတ်စတစ်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်ခဲ့ပြီး ဖြန့်ဖြူးရေးပါ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပလတ်စတစ် ကုန်သွယ်ရေးဗဟိုချက်ဖြစ်တဲ့ ကျန်းမုထူမှာ ရှိတဲ့ ထောက်ပံ့ရေးကွင်းဆက်တလျှောက် ထိတ်လန့်တကြား စျေးဝယ်တာတွေ ဖြစ်ခဲ့ပါတယ်။
မတ်လကတည်းက ဈေးနှုန်းတွေက ၆၀ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့ပြီး ရပ်မဲ့လက္ခဏာ မတွေ့ရဘူးလို့ ကွမ်တုံရုံစု ပစ္စည်းသစ်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဖန်ရှင်းက ပြောပါတယ်။
ဖန်က သူ့စက်ရုံရဲ့ အရန်သိုလှောင်ကုန်စည်တွေ ကုန်ဆုံးသွားပြီး ကုန်ကြမ်းအသစ်တွေကို အခု ဈေးကွက်ပေါက်စျေးတွေနဲ့ ဝယ်ယူနေကြကာ မကြာမီ ဖောက်သည်တွေဆီ လွှဲပေးတော့မယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းအခြေအနေက လာမဲ့တလ၊ ၂ လအတွင်း သက်သာမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်ချက်တွေက ကုမ္ပဏီတွေကို ကုန်ကြမ်းတွေ စုဖို့ တွန်းအားပေးခဲ့တယ်လို့ Plas Business Net ရဲ့ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ကျန်းဘင်က ရှင်းပြပါတယ်။
Plas Business Net ဟာ ကျန်းမုထုက ကုန်သည်တွေ၊ ထုတ်လုပ်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့ ပလတ်စတစ် ကုန်ကြမ်းတွေအတွက် အွန်လိုင်းကုန်သွယ်မှုနဲ့ ဈေးနှုန်းသတ်မှတ်တဲ့ ပလက်ဖောင်းတခု ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း OECDက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ပလတ်စတစ်ထုတ်လုပ်သူ၊ သုံးစွဲသူနဲ့ နောက်ဆုံးပလတ်စတစ်ထုတ်ကုန်တွေ တင်ပို့သူ နိုင်ငံဖြစ်ပါတယ်။
Source: Reuters










