
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး အောက်တိုဘာလလယ်အထိ ၃ လဝန်းကျင်ကာလအတွင်း ရန်ကုန်မြို့ရဲ့ ဓာတ်ဆီဈေးနှုန်းတွေဟာ ၄၅ ရာခိုင်နှုန်းဝန်းကျင်အထိ ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။
Octane 92 ဟာ ဇူလိုင် ၁၀ ရက်က တလီတာကို ၃,၂၅၀ ကျပ် ရှိခဲ့ရာကနေ အောက်တိုဘာ ၁၆ ရက်နေ့မှာ ၄,၇၀၅ ကျပ်အထိ ရောက်ရှိလာတဲ့အတွက် တလီတာကို ၁,၄၅၅ကျပ် (၄၄ ဒသမ၈ ရာခိုင်နှုန်း) မြင့်တက်လာပါတယ်။
Octane 95 ကလည်း ဇူလိုင် ၁၀ ရက်မှာ တလီတာကို ကျပ် ၃,၃၁၀ ရှိခဲ့ရာက အောက်တိုဘာ ၁၆ ရက်မှာ ကျပ် ၄,၈၅၀ အထိ ရောက်ရှိလာပြီး တလီတာကို ကျပ် ၁,၅၄၀ (၄၆ဒသမ၅ ရာခိုင်နှုန်း) မြင့်တက်လာပါတယ်။
ဒီလို ဓာတ်ဆီဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာတာကြောင့် အငှားယာဉ်မောင်းတွေနဲ့ မြို့ပြနေ ပြည်သူတွေရဲ့ နေ့စဉ်သွားလာရေးစရိတ်တွေလည်း သိသိသာသာ မြင့်တက်လာနေပါတယ်။
ဒါ့အပြင် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အဓိကသုံးတဲ့ ဒီဇယ်ဈေးကလည်း ပြီးခဲ့တဲ့ သီတင်းပတ် တွေမှာ တလီတာကို ကျပ် ၅,၀၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး လက်ရှိ အောက်တိုဘာ ၁၆ ရက်မှာ ကျပ် ၄,၄၈၅ ပြန်ကျလာပေမဲ့ ဇူလိုင်လဈေးနှုန်းတွေနဲ့ယှဉ်ရင် မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံဈေးကွက်မှာ ဘရန့် ရေနံစိမ်းဈေး တစည်ကို ဒေါ်လာ ၁၀၅ ကျော်အထိ ရောက်ရှိနေတာအပြင် ပြည်တွင်းငွေလဲနှုန်းနဲ့ တင်သွင်းစရိတ်တွေကြောင့် အခုလို ဆီဈေးတွေ ဆက်တိုက်မြင့်တက်နေတာပါ။
ဆီဈေးတက်တာဟာ နေ့စဉ်သွားလာစရိတ်ကိုသာမက သယ်ယူပို့ဆောင်ရေးစရိတ်ကတဆင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကိုပါ ရိုက်ခတ်လာနိုင်တာကြောင့် သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ ပိုမိုကျပ်တည်းလာနိုင်ပါတယ်။











