
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဒရုန်းတပ်ဖွဲ့ဝင် အင်အား ၅ သိန်းအထိ လေ့ကျင့်ပျိုးထောင်သွားမှာဖြစ်ပြီး ရှေ့တန်းတပ်ဖွဲ့တွေဆီကိုလည်း ဒရုန်းစနစ် ပေါင်း သောင်းနဲ့ချီ ဖြန့်ကြက်ချထားပေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး အန်းဂယူဘက်ခ်က ဇွန် ၂၆ ရက်မှာ ပြောပါတယ်။
စစ်တပ်ကတော့ ၂၀၂၉ ခုနှစ်အရောက်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ မရိန်းတပ်ဖွဲ့တွေ အားလုံးမှာ သုံးနိုင်ဖို့ ဒရုန်းအစီးရေ ၁၁,၀၀၀၀ အထိ ထုတ်လုပ်သွားဖို့ စီစဉ်နေတာပါ။
အန်ဂယူဘတ်ရဲ့အဆိုအရ နောင်အနာဂတ်မှာ ဒရုန်းဆိုတာ တပ်ဖွဲ့အချို့ပဲ သုံးတဲ့ အထူးပစ္စည်း မဟုတ်တော့ဘဲ စစ်သားတိုင်း ဒုတိယကိုယ်ပိုင်လက်နက်တခုလို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မဲ့ အခြေခံတိုက်ခိုက်ရေး ကိရိယာဖြစ်လာစေဖို့ ရည်ရွယ်ကြောင်း ပြောဆိုပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေအရ အရင်တုန်းက စျေးကြီးတဲ့ ဒရုန်းအနည်းငယ်ကပဲ စစ်မြေပြင်ကို စိုးမိုးခဲ့ပေမဲ့ အခုခါ စျေးသက်သာတဲ့ဒရုန်းတွေကို အရေအတွက်အမြောက်အမြား သုံးစွဲလာကြတာကြောင့် စစ်ပွဲရဲ့ သဘောသဘာဝကို အခြေခံကစပြီး ပြောင်းလဲပစ်လိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးက ထောက်ပြထားပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆိုးလ်ဟာ စနစ်တွေ တည်ဆောက်ရာမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းအစိတ်အပိုင်းတွေအစား ပြည်တွင်းထုတ် အစိတ်အပိုင်းတွေကို ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်သွားမယ်လို့ အန်းဂယူဘက်ခ်က ပြောပါတယ်။
ကာကွယ်ရေးမူဝါဒဆိုင်ရာ ဒုဝန်ကြီး ဂင်မ်ဟုန်းချောလ်ကလည်း တောင်ကိုရီးယား စစ်တပ်တွေ အားလုံးမှာ ဒရုန်းအသုံးပြုမှုကို တိုးချဲ့လုပ်ဆောင်မဲ့အပြင် မြောက်ကိုရီးယားရဲ့ ဒရုန်းခြိမ်းခြောက်မှု တွေကို ပြန်လည်တုံ့ပြန်ဖို့အတွက် ဒရုန်းတန်ပြန်စွမ်းရည်အမျိုးမျိုးကိုလည်း ပူးတွဲတီထွင် ထုတ်လုပ် သွားမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အခုလို ကြေညာချက် ထွက်ပေါ်လာတာဟာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေထဲမှာ မောင်းသူမဲ့ဒရုန်းတွေက စစ်မြေပြင်ရဲ့ အခြေအနေကို အလှည့်အပြောင်း ဖြစ်စေတဲ့အရာတွေ ဖြစ်လာခဲ့တာကို သင်ခန်းစာယူပြီး ကိုရီးယား ၂ နိုင်ငံစလုံးက သူတို့ရဲ့ ဒရုန်းအင်အားကို အပြိုင်အဆိုင် တိုးမြှင့်နေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။
Source: Reuters











