
၁၉၉၄ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုအတွက် သံသယရှိသူ ဖယ်လီစီယန် ကဘူဂါဟာ ချုပ်နှောင်ခံထားရချိန်မှာ သေဆုံးသွားပြီလို့ ကုလသမဂ္ဂတရားရုံးက မေ ၁၆ ရက်မှာ ပြောပါတယ်။
သေဆုံးချိန်မှာ အသက် ၉၃ နှစ်ရှိပါပြီ။ ဖယ်လီစီယန် ကဘူဂါဟာ နှစ် ၂၀ ကျော် ထွက်ပြေးတိမ်းရှောင်ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်က ပြင်သစ်နိုင်ငံမှာ အဖမ်းခံရပြီး နယ်သာလန်အခြေစိုက် သည်ဟိတ်ဂ် တရားရုံးဆီ လွှဲပြောင်းခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ သူက မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် ရုံးတင်စစ်ဆေးဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ခံခဲ့ရပြီး ရဝမ်ဒါကို မပြန်နိုင်လောက်အောင် အလွန်ဖျားနာနေတယ်လို့လည်း ယူဆခံခဲ့ရပါတယ်။
သူ့ကို လက်ခံမဲ့နိုင်ငံ မရှိလို့ ကဘူဂါဟာ သည်ဟိတ်ဂ် ကုလသမဂ္ဂ ထိန်းသိမ်းရေးစခန်းမှာ ဆက်ပြီးနေခဲ့ရပါတယ်။
တရားရုံးက သူ သေဆုံးမှု အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။
အရင်က စီးပွားရေးသမားနဲ့ ရေဒီယိုအသံလွှင့်ဌာန ပိုင်ရှင်ဖြစ်သူ ကဘူဂါဟာ ဟူတူ အစွန်းရောက်သမားတွေက တွတ်စီလူမျိုး ၈ သိန်းကျော်ကို ရက် ၁၀၀ အတွင်း သတ်ဖြတ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ရှာနေတဲ့ နောက်ဆုံး ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ ပါခဲ့ပါတယ်။
ကဘူဂါဟာ သူ့ရဲ့ Radio Televisión လီဘရေဒေ မီးလ် ကောလင်း ရုပ်သံကတဆင့် အမုန်းတရား ဟောပြောချက်တွေကို ထုတ်လွှင့်ပေးခဲ့ပြီး လူမျိုးစု ဟူတူစစ်သွေးကြွတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲတာ ခံထားရပါတယ်။
သူ သေဆုံးမှုကို ကြေညာခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ယန္တရားဟာ ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားနိုင်ငံတွေအတွက် ကုလသမဂ္ဂ ခုံရုံးဟောင်းတွေက ကျန်ရှိနေတဲ့ အမှုတွေကို ကြီးကြပ်နေပါတယ်။
Source: Reuters










