ရဝမ်ဒါတိုက်ခိုက်ရေးသမားဟောင်းများ လက်နက်စွန့်ပြီး သက်မွေးဝမ်းကျောင်းပညာသင်

ရဝမ်ဒါမြောက်ပိုင်းက မူတိုဘို လက်နက်ဖြုတ်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး စင်တာမှာ ရဝမ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဖွဲ့ (FDLR) က တိုက်ခိုက်ရေးသမားဟောင်းတွေဟာ အရပ်သားဘဝကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေကြပါတယ်။
စင်တာကို ရောက်လာချိန်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (MONUSCO) နဲ့ ပူးပေါင်းပြီး ပထမဆုံး လက်နက်ဖြုတ်သိမ်းတယ်လို့ ညွှန်ကြားရေးမှူး ဆိုက်ပရီယန် မူဒေးယီက ပြောပါတယ်။
သူတို့ကို ပန်းရံနဲ့ ကားပြင်ပညာ အပါအဝင် လက်တွေ့အသုံးချ ကျွမ်းကျင်မှုတွေ သင်ပေးသလို သူတို့နဲ့ ဆက်စပ်သူ အမျိုးသမီးတွေကိုလည်း ဆံပင်ညှပ်အလှပြင်ပညာလိုမျိုး သင်ကြားပေး နေပါတယ်။
၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီစင်တာဟာ တိုက်ခိုက်ရေးသမားဟောင်းနဲ့ မှီခိုသူ ၁၃,၀၀၀ ကျော်ကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တယ်လို့ မူဒေးယီက ဆိုပါတယ်။
လက်ရှိမှာတော့ အမျိုးသမီး ၂၇ ဦး အပါအဝင် တိုက်ခိုက်ရေးသမားဟောင်း ၄၂၁ ယောက် နဲ့ သူတို့နဲ့ လက်ထပ်ထားတဲ့ အမျိုးသမီး ၁၅၀ ယောက်ကို လက်ခံထားပါတယ်။
အသက်မွေးဝမ်းကျောင်း သင်တန်းတွေ မစခင် ရဝမ်ဒါသမိုင်း၊ ပြည်သူ့နီတိနဲ့ အစွန်းရောက် အယူဝါဒ စွန့်ပယ်ရေးဆိုင်ရာ ၃ လကနေ ၅ လကြာ သင်တန်းကို အရင်တက်ရပါတယ်။
သင်တန်းဆင်းသူတွေဟာ အသေးစားလုပ်ငန်း စတင်နိုင်ဖို့ ပြန်လည်ပေါင်းစည်းရေး အထောက်အပံ့ ပစ္စည်းအစုံနဲ့ ငွေကြေးအကူအညီ ရရှိကြပါတယ်။
ရဝမ်ဒါမှာ ဘယ်အချိန်မဆို စိုးရိမ်စရာမလိုဘဲ လမ်းလျှောက်နိုင်ပြီး ငြိမ်းချမ်းကြောင်း၊ ကွန်ဂိုမှာ တုန်းကတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေသလို လမ်းဘေးမှာ စစ်သားနဲ့ တွေ့ရင်တောင် ဖုန်းအလုခံ ရနိုင်ပေမဲ့ ရဝမ်ဒါရောက်မှ ငြိမ်းချမ်းမှုရပြီး စင်တာမှာလည်း နွေးထွေးစွာ ကြိုဆိုခံရကြောင်း FDLR တိုက်ခိုက်ရေးသမားဟောင်းတွေက ပြောပါတယ်။
ကွန်ဂိုအရှေ့ပိုင်းမှာ ဝါဇာလန်ဒို ပြည်သူ့စစ်တွေ ကျောထောက်နောက်ခံပြုထားတဲ့ ကွန်ဂိုစစ်တပ်နဲ့ M23၊ FDLR စတဲ့ သူပုန်အဖွဲ့တွေကြား နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။
ကွန်ဂိုအရှေ့ပိုင်းမှာ ကွန်ဂိုစစ်တပ် FDLR ဆက်ရှိနေတာဟာ ကင်ရှာဆာနဲ့ ကီဂါလီ အစိုးရနှစ်ရပ်ကြား သံတမန်ရေးနဲ့ စစ်ရေးတင်းမာမှုရဲ့ အဓိက အရင်းအမြစ်တခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
Source: Reuters











