
ကရင်ပြည်နယ်၊ ဖာပွန်(ဒွယ်လိုး) မြို့နယ်၊ နိုခဲထာကျေးရွာအနီးမှာ စက်တင်ဘာ ၁၆ ရက်က စစ်အာဏာရှင်စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ် တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်ထံမှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅၊ မူတြော်ခရိုင်၊ (ပြောခွင့်ရ)၊ ပဒိုစောထိုရော်ဘင် က ပြောပါတယ်။
စစ်အာဏာရှင်တပ်က မေ ၅ ရက်နေ့ကစပြီး စစ်ရေးအရ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်တပ်စစ်ကြောင်းတွေ ၄ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကိုမရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာလိုတော့တဲ့ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်နားက ဖားလုံးကြီးကျေးရွာကို ဩဂုတ် ၃ ရက်ကရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ KNLA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံ နေရပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင်၊ ပြောခွင့်ရ ပဒိုစောထိုရော်ဘင် က “ စကစ တပ်က ကမမောင်းကနေ ကတိုင်တိခွင်ရောက်ရှိလာတဲ့ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းနဲ့ နိုခဲထာခွင်မှာ တိုက်ပွဲဖြစ်တာ၊ တော်လှန်ရေးဘက်က လက်နက် ၃ လက် သိမ်းဆည်းရရှိတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကြောင်းတွေ ရှေ့ဆက်တိုးနိုင်ဖို့ မြေပြင်နဲ့ ဝေဟင်ပစ်ကူရရှိပြီး အနီးအနား က ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။
လက်ရှိမှာလည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်သူတွေရှိနေပြီး စက်တင်ဘာ ၁၃ ရက်က ဖားလုံးလေးခွင်ကနေ စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၇ တပ်ရင်းက တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်ရောက်ခဲ့ပါတယ်။











