
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အဓိကကျတဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ တွေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင် KRT ရုပ်သံလိုင်းက စက်တင်ဘာ ၁၉ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဒါဟာ ပြုံယမ်းအနေနဲ့ လက်နက်ထုတ်လုပ်မှုကို ပိုမိုတိုးချဲ့ပြီး ခေတ်မီအောင် ဆက်လက် လုပ်ဆောင် နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
ပါတီထိပ်သီးခေါင်းဆောင်တွေ၊ စစ်ဘက်နဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ အတူသွားရောက်ခဲ့တာဖြစ်ပြီး လက်နက်စက်ရုံအများအပြားရဲ့ ထုတ်လုပ်မှု အခြေအနေတွေကို စစ်ဆေးခဲ့သလို တိုက်ခိုက်ရေးကိရိယာ ထုတ်လုပ်မှုပစ်မှတ်တွေကို ပြည့်မီအောင် လုပ်ဆောင်နိုင်ခဲ့လို့ အလုပ်သမားတွေကို စက်ရုံတွင်းမှာပဲ ချီးကျူးပြောဆိုခဲ့တယ်လို့ KRT က ဖော်ပြပါတယ်။
နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့တဲ့ တချို့ဓာတ်ပုံတွေမှာ စစ်ဘက်သုံးပစ္စည်းအစိတ်ပိုင်းတွေနဲ့ တာဝန်ရှိသူတွေရဲ့ မျက်နှာတွေကို တစိတ်တပိုင်း မှုန်ဝါးထားပါတယ်။
အမြောက်တပ်ဖွဲ့ဟာ စစ်ပွဲမဖြစ်ပွားအောင် ဟန့်တားဖို့ရော၊ စစ်ဆင်ရေးစွမ်းရည် နှစ်ရပ်စလုံး အတွက် အဓိကကျတယ်လို့ ကင်မ်ဂျုံအန်း က ပြောဆိုခဲ့ပြီး လက်နက်ခဲယမ်း ထုတ်လုပ်ရေးကဏ္ဍကို ဆက်လက်တိုးချဲ့သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
ကာကွယ်ရေးစွမ်းရည်ဆိုင်ရာ အစိတ်အပိုင်းအားလုံးကို ခေတ်မီအောင် လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ စစ်တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ပုံနည်းလမ်း တွေမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို ဆောင်ကြဉ်းပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ခေတ်မီအောင်လုပ်ဖို့၊ လုပ်ငန်းခွင်အခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့နဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး လက်နက်စနစ်တွေမှာ ဉာဏ်ရည်တု နည်းပညာ (AI) ပိုမိုအသုံးပြုသွားဖို့ မိန့်ကြားခဲ့တယ်လို့ KRT က ပြောပါတယ်။
ဒီကွင်းဆင်းစစ်ဆေးမှုခရီးစဉ်တွေကို စက်တင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းဌာန (KCNA) က အစီရင်ခံ ဖော်ပြသွားပါတယ်။
Photo: Reuters










