DVB Logo
Home
နိုင်ငံတကာ
ရဝမ်ဒါတွင် ရွှေ့ပြောင်းပြန်ပို့ရေးစခန်းဖွင့်မည်ဟု EU နိုင်ငံများ ကြေညာ
DVB
·
November 17, 2026
Photo: REUTERS/Leonhard Foeger
Photo: REUTERS/Leonhard Foeger
Donate to DVB

ဂျာမနီ၊ ဒိန်းမတ်၊ သြစတြီးယား၊ ဂရိနဲ့ နယ်သာလန်နိုင်ငံတို့က ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့ဖို့ ရဝမ်ဒါနိုင်ငံမှာ စခန်းတခု ဖွင့်လှစ်မဲ့ အစီအစဉ်ကို နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒီပြန်ပို့သူတွေထားမဲ့စခန်းကို ၂၀၂၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ဥရောပကနေ ပြန်ပို့ခံရသူတွေကို လက်ခံထားရှိမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ဥရောပနိုင်ငံတွေမှာ တရားဝင်နေထိုင်ခွင့်မရှိတော့ဘဲ ပြန်ပို့ဖို့ အမိန့်ချမှတ်ခံထားရသူတွေနဲ့ နေထိုင်ခွင့်အတွက် ဥပဒေအရ အယူခံခွင့် ကုန်ဆုံးသွားသူတွေကို ရည်ရွယ်တာ ဖြစ်ပါတယ်။

အထူးသဖြင့် မူရင်းနိုင်ငံကို ပြန်ပို့လို့မရတဲ့သူတွေကို ရဝမ်ဒါနိုင်ငံဆီ လွှဲပြောင်းပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

ပထမအဆင့်မှာ တယောက်တည်းသမား အမျိုးသားတွေကိုသာ ပြန်ပို့မှာဖြစ်ပြီး စမ်းသပ်အစီအစဉ်အဖြစ် လူ ၁၀၀ ဝန်းကျင် လက်ခံဖို့ မျှော်မှန်းထားပါတယ်။

ရဝမ်ဒါရောက်လာသူတွေဟာ အဲဒီနိုင်ငံမှာ တရားဝင်နေထိုင်အခြေချနိုင်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိမှာ ဖြစ်ပါတယ်။

သြစတြီးယားဝန်ကြီးချုပ် ခရစ္စတီယန် စတော့ကာကတော့ ဒီအစီအစဉ်ဟာ ဥရောပနိုင်ငံတွေရဲ့ ခိုလှုံခွင့်စနစ်အပေါ် ဝန်ထုပ်ဝန်ပိုးလျှော့ချပြီး လူမှောင်ခိုလုပ်ငန်းတွေကို တားဆီးနိုင်မယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကတော့ “ဒီနည်းလမ်းမှာ အနာဂတ်လည်း မမြင်ဘူး၊ လူသားဆန်မှုလည်း မတွေ့ဘူး၊ ဒါဟာ ဖြေရှင်းနည်း မဟုတ်ဘူး” လို့ ဝေဖန်ထားပါတယ်။ 

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း ရဝမ်ဒါနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေကြောင့် ပြန်ပို့ခံရသူတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

ဗြိတိန်နိုင်ငံကလည်း အရင်က ခိုလှုံခွင့်လျှောက်ထားသူတွေကို ရဝမ်ဒါမှာ အမှုစစ်ဆေးဖို့ စီစဉ်ခဲ့ပေမဲ့ တရားရေးဆိုင်ရာ အတားအဆီးတွေကြောင့် ၂၀၂၄ ခုနှစ်မှာ အဲဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013