DVB Logo
Home
Lead Story
တော်လှန်ရေးကို အရှိန်အဟုန်အသစ် ဆောင်ကြဉ်းပေးလာသည့် ဖိုင်ဘာအော်ပတစ် ဒရုန်းများ
လှစိုးဝေ
·
June 8, 2026
တော်လှန်ရေးကို အရှိန်အဟုန်အသစ် ဆောင်ကြဉ်းပေးလာသည့် ဖိုင်ဘာအော်ပတစ် ဒရုန်းများ
Donate to DVB

လူမပါ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်သည့်ယာဉ် (UAV) မှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတွင် ဖောက်ခွဲရေးပစ္စည်းများ အပြည့်တပ်ဆင်ထားသည့် ‘အသေခံဒရုန်း’ တစင်းသည် ချင်းပြည်နယ်ရှိ ညိုမှိုင်းမှိုင်း အဝါရောင်အဆောက်အအုံ အပြင်ဘက်တွင် စုဝေးနေသော လူတစုဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီးနောက် ၎င်းတို့၏ ခေါင်းပေါ်အရောက်တွင်ပင် ဗီဒီယိုဖမ်းယူမှု ရုတ်တရက် ပြတ်တောက်သွားသည်ကို တွေ့ရသည်။

အသေခံဒရုန်း၏ ဦးတည်ရာမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဒေသန္တရရုံးပိတ်ရက် အထိမ်းအမှတ် အခမ်းအနားတခု တက်ရောက်ရန် ပြည်နယ်မြို့တော် ဟားခါးသို့ ရောက်ရှိနေသည့် မြန်မာစစ်အုပ်စု၏ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ရာပြည့် ဖြစ်သည်။

ဒရုန်းသည် ရာပြည့်ထံ မရောက်မီလေးတွင် ပျက်ကျသွားခဲ့သော်လည်း ဤတိုက်ခိုက်မှုသည် ယူကရိန်းစစ်မြေပြင်တွင် အသုံးများလာပြီး မြန်မာ့စစ်မျက်နှာတွင်လည်း အရေအတွက် တိုးပွားလာနေသည့် ဖိုင်ဘာအော်ပတစ် ဒရုန်းများ၏ ကြီးမားသော ခြိမ်းခြောက်မှုကို ရဲရဲဝံ့ဝံ့ သက်သေပြလိုက်ခြင်း ဖြစ်သည်။

ဖိုင်ဘာအော်ပတစ် ဒရုန်း (Fiber-Optic Drone) ဆိုသည်က ရေဒီယိုလှိုင်းများအစား ဖိုင်ဘာအော်ပတစ်ကြိုးကို အသုံးပြုပြီး ထိန်းချုပ်မောင်းနှင်ရသည့် ဒရုန်းအမျိုးအစား ဖြစ်သည်။ အလွယ်ပြောရမည်ဆိုက “အလွန်ရှည်လျားသည့် ကြိုးတပ်ထားသော အဝေးထိန်းကစားစရာ ကား၊ လေယာဉ်” မျိုး ဖြစ်သည်။ နည်းပညာအရ ရှေးကျသည်ဟု ထင်ရသော်လည်း jammer ခေါ် လှိုင်းဖြတ်တောက်မှုများ အဆမတန်များပြားလှသည့် ခေတ်သစ်စစ်မြေပြင်တွင်တော့ ရန်သူ့ခံစစ်ကို ထိုးဖောက်ဖျက်ဆီးနိုင်သည့် အလွန်ကြောက်စရာကောင်းပြီး ထိရောက်သော လက်နက်ဆန်းတခု ဖြစ်လာနေသည်။

အားနည်းချက်သည်က ဒရုန်းထဲ ထည့်သွင်း သယ်ဆောင်သွားရသည့် ကြိုးခွေ၏ အရှည်ပေါ် မူတည်ပြီး ပျံသန်းနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ရှိသည်။ လက်ရှိ စစ်မြေပြင်တွင်တော့ ၃ ကီလိုမီတာကနေ ၁၀ ကီလိုမီတာ (၆ မိုင်ခန့်) အထိ ရှည်တဲ့ ကြိုးခွေတွေကို သုံးကြသည်ဟု သိရသည်။ အကျယ် ၂၅ စင်တီမီတာရှိပြီး ဗုံးအလေးချိန် ၂ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်စွမ်း ရှိသည်။

အားသာချက်က ဖိုင်ဘာဒရုန်းသည် ရေဒီယိုအချက်ပြလှိုင်း (Signal) ထုတ်လွှင့်စရာမလိုသည့် အတွက် ရန်သူ့ရေဒီယိုထောက်လှမ်းရေးစနစ်များက ခြေရာခံဖို့ လုံးဝမဖြစ်နိုင်သည့်အပြင် jammer ဖြင့် ဖျက်ဆီး၍ မရနိုင်ခြင်းပင် ဖြစ်သည်။

ရာပြည့်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ဒရုန်းအား ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (Chinland Defense Force-Hakha) က စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

“ဖိုင်ဘာအော်ပတစ် ဒရုန်းများကို စစ်အုပ်စုဘက်က လှိုင်းဖြတ်တောက် (Jamming) လို့ မရတဲ့အတွက် ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ပါတယ်။ အခန်းတွေထဲအထိပါ ဝင်ရောက်နိုင်သလို ဘယ်နေရာကိုမဆို ပျံသန်းသွားနိုင်ပါတယ်။ အခုဆိုရင် ကျနော်တို့ဟာ မြို့ပေါ်က ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မဆို စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်နေပါပြီ” ဟု အဆိုပါတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက Nikkei Asia သို့ ပြောပြခဲ့သည်။

ရာပြည့်ကို ပစ်မှတ်ထားသည့် ဒရုန်းမှာ လူအုပ်အပေါ်တွင် ဆောက်လုပ်ထားသော မဏ္ဍပ်နှင့် ငြိမိပြီး မပေါက်ကွဲဘဲ ပျက်ကျသွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးအဖွဲ့များက တချိန်က ဒရုန်းများဖြင့် အသာစီး ရယူထားနိုင်ခဲ့ပြီး ၂၀၂၃ နှောင်းပိုင်းနှင့် ၂၀၂၄ အစောပိုင်း ထိုးစစ်ကြီးများအတွင်း ၎င်းတို့၏ ရေဒီယိုလှိုင်းသုံး ဒရုန်းများဖြင့် စစ်အုပ်စု တပ်များကို အရှေ့မြောက်ပိုင်းဒေသကြီးမှ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် စစ်အုပ်စုက ဒရုန်းအင်အားကို မြှင့်တင်လာပြီး မြို့ကြီးများနှင့် အရေးပါသည့်နေရာများတွင် အားကောင်းသော လှိုင်းဖြတ်တောက်မှုစနစ်များ တပ်ဆင်ကာ တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းလှိုင်းများကို အကြီးအကျယ် နှောင့်ယှက်လာနိုင်ခဲ့သည်။ ထို့အတွက် ၂၀၂၄ နှစ်ဦးမှစ၍ တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်းဖြင့်တိုက်ခိုက်မှု သိသိသာသာ ကျဆင်းသွားခဲ့ရသည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတဝန်းရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် ဒရုန်းစစ်ပွဲတွင် ၎င်းတို့၏ အသာစီးရမှုကို ပြန်လည်ရယူရန် ကြိုးပမ်းသည့်အနေဖြင့် ဖိုင်ဘာအော်ပတစ်ဒရုန်းများကို စတင်ရှာဖွေဝယ်ယူပြီး အသုံးပြုလာကြပြီ ဖြစ်သည်။

ပထမဆုံး စတင်အသုံးပြုနိုင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ မေလအတွင်းက ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က နိုင်ငံမြောက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစင်းကို ပစ်ချရန် ယင်းဒရုန်းအမျိုးအစားကို အသုံးပြုခဲ့သည်ဟု သတင်းများက ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ရန်သူ့လှိုင်း ဖြတ်တောက်ရေးစနစ် (Jammers) များ၊ စခန်းများနှင့် စစ်ကောင်စီစစ်သည်များကို ပစ်မှတ်ထား တိုက်ခိုက်ရန် ဖိုင်ဘာဒရုန်းများကို အသုံးပြုနေသည်ဟု သိရသည်။

သို့သော် မြေပြင်မှ ပစ်ချနိုင်သလို ပိုက်ကွန်များဖြင့်လည်း တားဆီးကာကွယ်နိုင်သည်။ ဒရုန်းမောင်းနှင်သူများအနေဖြင့် အကွေ့အကောက်များ သို့မဟုတ် ဒရုန်း၏ ပန်ကာဒလက်များနှင့် ငြိပြီး ဖိုင်ဘာကြိုးများ ပြတ်တောက်မသွားစေရန် ပိုမိုဂရုစိုက်မောင်းနှင်ဖို့ လိုအပ်သည်ဟု ဆိုသည်။

ရိုးရိုးဒရုန်းတစင်းကို ဖိုင်ဘာအော်ပတစ်ဒရုန်းအဖြစ် ပြောင်းလဲရန် လိုအပ်သော ပစ္စည်းများအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၀၀ မှ ၃၀၀ ခန့်သာ ပိုမိုကုန်ကျမည်ဖြစ်ပြီး ပုံမှန်ဒရုန်းတစင်း၏ တန်ဖိုးမှာ ဒေါ်လာ ၅၀၀ မှ ၁,၀၀၀ ကြား ရှိသည်။

အဆိုပါ ဒရုန်းအစိတ်အပိုင်းများကို တရုတ်နိုင်ငံမှ တိုက်ရိုက်သော်လည်းကောင်း၊ သို့မဟုတ် အိန္ဒိယနှင့် ထိုင်းနိုင်ငံကဲ့သို့သော တတိယနိုင်ငံများမှ တဆင့်သော်လည်းကောင်း အဓိက တင်သွင်းကြခြင်း ဖြစ်သည်။

“လာမည့်နှစ်အတွင်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုများ အနေဖြင့် ဤနည်းပညာစွမ်းရည်ကို အတိုင်းအတာတခုအထိ အကြီးအကျယ် တိုးမြှင့် ဖော်ဆောင်လာနိုင်မည် ဆိုပါက စစ်ရေးဗျူဟာအရရော စိတ်ဓာတ်ရေးရာအရပါ သက်ရောက်မှု ကြီးမားလာမည်မှာ အသေအချာပင်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ၏ လေကြောင်းမှ စိတ်တိုင်းကျ ဗိုလ်ကျနေမှုကို ပြန်လည်တုံ့ပြန် ချေပရာတွင် ထိရောက်မှုရှိလာလိမ့်မည် ဖြစ်ကြောင်း” ဟု ဂျိမ်းစ် ကာကွယ်ရေးနှင့် လုံခြုံရေးစာစောင်မှ သုတေသီ အန်တိုနီ ဒေဗီစ်က ပြောကြားခဲ့သည်။

ကိုးကား - Nikkei Asia Review (Japan)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013