
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့တာတွေအတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက Bank of America အမေရိကန်ဘဏ်ကို ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ဒဏ်ရိုက်အရေးယူကြောင်း အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Bank of America ဟာ တရုတ်နိုင်ငံရဲ့ ငွေကြေးခဝါချမှု ကွန်ရက်တွေနဲ့ အမေရိကန် အနောက်တောင်ဘက် နယ်စပ်တလျှောက် တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို စောင့်ကြည့် သတင်းပို့ဖို့ ပျက်ကွက်ခဲ့ပြီး ရုရှား၊ အီရန်၊ မူးယစ်ဆေးဝါးနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆန်ရှင်စည်းမျဉ်းတွေကို ၄၇၅ ကြိမ်ထက်မနည်း ချိုးဖောက်ခဲ့တဲ့အတွက် အခုလို အရေးယူတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Bank of America အရေးယူခံရတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးကို ထောက်ပံ့နေတဲ့ နိုင်ငံတကာရောက် မြန်မာအသိုက်အဝန်းကြားမှာ စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ သတင်းအချက်အလက်တွေ အရ တိုက်ရိုက်ဆက်စပ်နေတာမျိုး မတွေ့ရဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဒီအမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး (OFAC) တို့က အဓိကကိုင်တွယ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ငွေကြေးပမာဏဟာ ဒေါ်လာသောင်းဂဏန်းသာ ရှိခဲ့ပါတယ်။ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အာဏာရှင်နဲ့ ဆက်နွှယ်သူတချို့နဲ့သာ ဆက်စပ်မှုရှိခဲ့တာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တော်လှန်ရေးထောက်ပို့ လုပ်နေသူတွေ အပေါ်မှာတော့ Bank of America အရေးယူခံရတာဟာ သက်ရောက်မှုတချို့ရှိလာတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “စံချိန်တင်တဲ့ ဒဏ်ကြေးတွေ ပေးဆောင်ရပြီးတဲ့ နောက်ပိုင်းမှာ ငွေကြေးလွှဲပြောင်းမှု စိစစ်ရေးစနစ်က တော်တော်လေးကို တင်းကျပ်လိုက်တဲ့ အခါကြတော့ ရိုးရိုးသားသားငွေလွှဲတဲ့ တို့တော်လှန်ရေးအင်အားစုတွေဟာ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါကျတော့ ဘန်ကောက်ဘဏ်ပဲလွှဲလွှဲ၊ K Bank ပဲလွှဲလွဲ၊ ကြိုက်တဲ့ဘဏ်ကိုလွှဲ၊ ရည်ညွှန်းချက်မှာ မြန်မာတို့ နယ်စပ်တို့ အဲဒီအသုံးအနှုန်းတွေ ပါလာပြီဆို တခါတည်း ဆိုင်းငံ့လိုက်တာပဲ။ ဆိုတော့ နှောင့်နှေးကုန်တာပေါ့၊ ဒီမှာလည်း လုပ်ရကိုင်ရတာတွေက တော်တော်လေးကို အဆင်မပြေဘူးပေါ့။ အဲဒီအတွက်ကြောင့် ဟွန်ဒီပေါ့၊ အဲဒါလေးနဲ့ပဲ သွားနေရတယ်ဆိုတဲ့ သတင်းစကားလေး ပါးချင်ပါတယ်” လို့ ပြောပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ဆန်ရှင်လုပ်ထားတဲ့လူတွေနဲ့ ငွေရေးကြေးရေး ဆက်ဆံတဲ့ ကိစ္စတွေကို သူတို့ အရေးယူတာပေါ့လေ။ နွေဦးတော်လှန်ရေး ထောက်ပံ့ငွေတွေ မတွေ့ရဘူးဆိုပြီးတော့ ပြောကြတာပေါ့လေ။ ဒါပေမဲ့ အဲဒီအတိုင်းနဲ့ ကျနော်တို့ အလွန်အမင်း ပျော်နေလို့လည်း မရဘူး။ သတိတော့ ထားရမှာပေါ့၊ အလုပ်လုပ်တဲ့အခါ သူတို့ကို မျက်စိဒေါက်ထောက် ကြည့်မှာက ပိုများတယ်။ FATF က အခုတောင်မှ EDT ထဲ ထည့်ထားတာလေ။ ပိုပြီးတော့ စောင့်ကြည့်ရမယ်ပေါ့။ အဲဒီတော့ ကျနော်တို့ ဗမာပြည်မှာ တရားမဝင် ငွေကြေးလွှဲပြောင်းမှု နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီတာ ရှိတယ်ဆိုတာ အခုကတည်းက အကြီးအကျယ် ဖြစ်နေပြီလေ။ ကောင်းလာဖို့တော့ မရှိဘူးလေ၊ တိုးတက်လာဖို့မရှိဘူး၊ ပိုဆိုးသွားဖို့ပဲရှိတယ်၊ ပိုခက်လာဖို့လည်းရှိတယ်။ စစ်တပ်ဘက်ကတော့ ပိုက်ဆံလိုချင်လို့ ညှစ်မယ်၊ ကျားဖြန့်ငွေကို အမေရိကန်က အဓိကထားပြီးတော့ လုပ်တာဗျာ။ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က ကျတော့ ရုရှားတို့ အီရန်တို့ အဲဒါကိုကြည့်ရင်းနဲ့ ဗမာပြည်က အဆစ်ပါတာ” လို့ ပြောပါတယ်။
မြန်မာပြည်တွင်းမှာ စစ်အာဏာရှင်က တော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်ပကနေ ပြည်တွင်းကို ဝင်ရောက်တဲ့ ငွေကြေးစီးဆင်းမှုတွေကို တင်းကျပ်နေတာပါ။
ဩဂုတ်လကုန်ပိုင်းမှာ ပြည်ပရောက် မြန်မာတွေ အသုံးပြုနေတဲ့ KBZ Pay၊ KBZ mBanking နဲ့ CB Pay အပါအဝင် ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်တွေကို အသုံးပြုပြီး ငွေလွှဲတာ၊ ငွေလက်ခံတာတွေကို ကန့်သတ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်တွေ့မှာ အကောင်အထည် မပေါ်ခဲ့ပါဘူး။
အမေရိကန်မှာ ဖြစ်ပေါ်နေတဲ့ ဘဏ်တွေကို စိစစ်တင်းကျပ်တာနဲ့ မြန်မာပြည်က တင်းကျပ်မှုတွေဟာ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ သာမန်ပြည်သူတွေရဲ့ မိသားစုကို ထောက်ပံ့ငွေပို့ဖို့ကိစ္စတွေ အပေါ်မှာတော့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “ထရမ့်ပ်အစိုးရလက်ထက်မှာ တော်တော်လေး တင်းကျပ်လာတာပေါ့နော်။ ဒီဥပဒေပြောင်းသွားတာက 9-11 နောက်ပိုင်းမှာ ဘဏ်နဲ့ပတ်သက်တဲ့ ကိစ္စတွေက တော်တော်အပြောင်းအလဲ ဖြစ်သွားတာလေ။ ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံရေးမှာ အကြမ်းဖက်ကိစ္စက အရမ်းကို အရှေ့ရောက်လာတာပေါ့နော်။ ပြည်ပကို ငွေလွှဲတာတို့ ငွေအထုတ်အသွင်း လုပ်တာတို့ သိပ်များတဲ့ပမာဏ၊ သောင်းဂဏန်းလောက်ဆို နည်းနည်း သတိထားလာရတယ်။ အကြမ်းဖျင်း Back Ground ပြောပြတာ၊ ပြည်ပကို ငွေလွှဲနေတာကို သူက သိပ်မလိုလားဘူး။ အမေရိကန်မှာရှာတဲ့ငွေဟာ အမေရိကန်မှာပဲ သုံးရမယ်ပေါ့။ ထွက်သွားတဲ့ငွေတွေဟာ တရားမဝင်တဲ့ပုံစံမျိုး သူက ယူဆတယ်။ ကျားဖြန့်တင်မကဘူး၊ ဒီမှာကျတော့ မက္ကဆီကိုတို့ တောင်အမေရိကတိုက်က မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့လူတွေလေ။ သူတို့ကလည်း ဘီလီယံနဲ့ချီပြီး အမေရိကန်ထဲကနေပြီး ပိုက်ဆံတွေက ရတာကိုး။ အဲဒီငွေတွေ ဟိုဘက်ကိုလွှဲဖို့ကိစ္စတွေကကျတော့ ရှိသမျှလမ်း၊ နည်းလမ်းပေါင်းရာနဲ့ချီပြီး သူတို့က သုံးပြီးတော့ ဒီငွေတွေကို လွှဲနေတာ၊ နောက်တပိုင်းကျတော့ ငွေကြေးခဝါချတဲ့လူတွေကလည်း ဒီဟာတွေကို သုံးနေကြတယ် ဆိုပြီးတော့ သူတို့က အဲဒီအပေါက်တွေကို လိုက်ပိတ်တဲ့သဘော လုပ်နေတာပေါ့နော်။ နွေဦးတော်လှန်ရေးတို့ မြန်မာတွေနဲ့ ဘယ်လောက်ပတ်သက်သလဲ ဆိုတာကတော့ ဗမာတွေကတော့ ကျွဲကူးရေပါလို ဖြစ်တာပေါ့နော်။ တို့တွေကကျတော့ သူတို့လုပ်နေတဲ့ဥပဒေထဲမှာ ရောကောသောကော ပါသလို ဖြစ်သလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
နိုင်ငံတကာကနေ ပြည်တွင်းကို ငွေကြေးစီးဆင်းပြီး ရန်ပုံငွေရရှိရေးဟာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အာဏာရှင် နှစ်ဖက်စလုံးရဲ့ ရှင်သန်ရေးအတွက် အရေးပါနေတာပါ။
စစ်အာဏာရှင်နဲ့ ဆက်နွှယ်သူတွေကို အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားတာ၊ စက်တင်ဘာ ၁၆ ရက် အမေရိကန်အစိုးရရဲ့ ၂၀၂၇ ခုနှစ်အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာနိုင်ငံတို့ကို အမည်ပျက်စာရင်း သွင်းကြောင်း ဖော်ပြခဲ့တာနဲ့ ကျားဖြန့်ပြဿနာတွေကြောင့် စစ်အာဏာရှင်ရဲ့ နိုင်ငံတကာ ငွေကြေးရလမ်းတွေကတော့ ပိုမိုကျပ်တည်းလာမှာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
သုတချမ်းသာ











