
တော်လှန်ရေး ရန်ပုံငွေ ထောက်ပံ့တာနဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အကူအညီ စတဲ့ ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတွေ ဆောင်ရွက်နေတဲ့ နွေဦးလူထုရန်ပုံငွေ (SCF) ကနေ အလှူရှင်တွေအနေနဲ့ ချိတ်ဆက်လှူဒါန်းနိုင်ဖို့ နွေဦးဘဏ် (SDB) အပြင် PayPal စနစ်ပါ အသုံးပြုနိုင်ပြီလို့ နွေဦးလူထုရန်ပုံငွေ (SCF) က ထုတ်ပြန်လိုက်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာက အလှူရှင်တွေအနေနဲ့ ထောက်ပို့ကူညီလိုသူတွေအနေနဲ့ Visa နဲ့ Mastercard စတဲ့ နိုင်ငံတကာ ဘဏ်ကတ်တွေကတဆင့် PayPal ကို အလွယ်တကူ တိုက်ရိုက်ချိတ်ဆက် ပါဝင်လှူဒါန်းနိုင်တော့မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
နွေဦးလူထုရန်ပုံငွေ (SCF) ပလက်ဖောင်းဟာ စတင်တည်ထောင်ချိန်ကစပြီး ဒီနေ့အထိ ပြည်သူတွေဆီက လှူဒါန်းထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၅ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒီရန်ပုံငွေတွေကို နွေဦးဘဏ် (SDB) ရဲ့ လုံခြုံခိုင်မာတဲ့ ငွေကြေးလွှဲပြောင်းစနစ်တွေနဲ့ အလေအလွင့်မရှိဘဲ မြေပြင်အရောက် အတိအကျ ပို့ဆောင်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။










