
ရုရှားတပ်ဖွဲ့တွေဟာ ဩဂုတ် ၁၅ ရက်က ဇာပိုရိုရှေးဒေသက ကျေးရွာကို ထိန်းချုပ်ထားလိုက်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း ထောက်ပံ့ပို့ဆောင်ရေးဌာနတွေ၊ လောင်စာဆီနဲ့ စွမ်းအင်စက်ရုံတွေ၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေနဲ့ အဝေးပစ်ဒရုန်းတွေ လူမဲ့ ရေယာဉ်တွေအတွက် တပ်ဆင်ရေးအလုပ်ရုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတပ်ဖွဲ့တွေနဲ့ နေရာအမျိုးမျိုးမှာရှိတဲ့ နိုင်ငံခြား ကြေးစားစစ်သားတွေအတွက် ယာယီချထားရေးနေရာ ၁၄၇ ခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဌာနရဲ့ အစီရင်ခံစာမှာ ထပ်ဖော်ပြထားပါတယ်။
တချိန်တည်းမှာ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းဆိပ်ကမ်း အခြေခံအဆောက်အအုံတွေနဲ့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ဝန်ဆောင်မှုပေးနေတဲ့ သင်္ဘောတွေကို ဆက်တိုက်ခိုက်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေက အဲဒီနေ့မှာပဲ ၂၄ နာရီအတွင်း ရှေ့တန်းတလျှောက်မှာ တိုက်ပွဲ ၂၃၃ ကြိမ် ဖြစ်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ဘက်ပေါင်းစုံကနေ တွန်းလှန်ခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ ကွပ်ကဲရေးစခန်းတွေ၊ တပ်ဖွဲ့ဝင်တွေ စုစည်းရာနေရာတွေ၊ အမြောက်စနစ်တွေ၊ ဒရုန်းထိန်းချုပ်ရေးနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံ၊ ဆာမာရာ နယ်မြေ ဒေသက Progress Rocket and Space Center နဲ့ နီဇ်ညီ နိုဂါရို့ဒ်နယ်မြေမှာရှိတဲ့ စစ်ဘက်လေယာဉ်ကွင်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters











