DVB Logo
Home
မြန်မာသတင်း
စစ်ဘေးကြား ကရင်နီလူငယ်များ အနာဂတ်အတွက် ရုန်းကန်နေရ
ဇွဲသစ်
·
August 3, 2026
စစ်ဘေးကြား ကရင်နီလူငယ်များ အနာဂတ်အတွက် ရုန်းကန်နေရ
Donate to DVB

စစ်ရေး ပဋိပက္ခတွေကြောင့် ကရင်နီပြည်နယ်မှာ လူငယ်အများစုဟာ အလုပ်အကိုင် ရှားပါးတာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် နေရပ်စွန့်ခွာနေကြရသလို ပြတ်တောက်သွားတဲ့ ပညာရေးအတွက်လည်း စစ်ဘေးကြားမှာပဲ ဆက်လက် သင်ယူနေကြရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေး ပဋိပက္ခတွေ ၅ နှစ်ကျော် ဆက်လက်ဖြစ်ပွားနေတဲ့ ကရင်နီ ပြည်နယ်မှာ လူငယ်တွေအတွက် ပညာရေး၊ အလုပ်အကိုင်နဲ့ အနာဂတ်အခွင့်အလမ်းတွေ ပိုမိုကျဉ်းမြောင်းလာနေပါတယ်။

စစ်ရှောင်စခန်းတွေမှာ စာသင်ဆောင်၊ ဆရာနဲ့ သင်ထောက်ကူပစ္စည်း မလုံလောက်တာ၊ တည်ငြိမ်တဲ့ ဝင်ငွေ မရှိတာတွေကြောင့် လူငယ်အများစုဟာ ပညာရေးကို ရပ်နားပြီး မိသားစု စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို နေရပ် စွန့်ခွာတာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ပွဲတွေကြောင့် လူငယ်တွေအတွက် အခွင့်အလမ်းတွေ သိသိသာသာ လျော့နည်းလာပြီး ပြည်ပထွက်ခွာသူတွေ ထောင်နဲ့ချီ ရှိလာတယ်လို့ IEC ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါတယ်။

“စစ်ရေးကြောင့် ပိုပြီးတော့မှ အရင်တုန်းကထက် အခွင့်အလမ်းတွေ နည်းတယ်။ မိသားစု ဝင်ငွေအရ ဖြစ်စေ၊ သို့တည်းမဟုတ် ကျနော်တို့ ကျောင်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းအရ ဖြစ်စေ စစ်ပွဲတွေကြောင့် ကျေးရွာတွေ၊ မြို့ထဲအိမ်တွေကို စစ်ပွဲတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ပညာရေးဆိုင်ရာ အညွှန်းကိန်းတွေ ကျလာတာပေါ့။ ကျနော်တို့ အသက် ၁၈ ကနေ ၂၅ ဝန်းကျင် အောက်က အဓိကကျတယ်။ အများဆုံး ထွက်သွားကြတယ်။ ထွက်တဲ့ အဓိက အကြောင်းရင်းကလည်း ကျနော်တို့ ပြည်နယ်ထဲမှာ စားဝတ်နေရေး ကျပ်တည်းတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတာတွေ အဓိကအတွက်ကြောင့်မို့ ကျနော်တို့ အထူးသဖြင့် ထိုင်းနိုင်ငံဘက်၊ ထိုင်းနိုင်ငံရော အရှေ့တောင် အာရှနိုင်ငံတွေကို ပုံစံအမျိုးမျိုးနဲ့ ထွက်ခွာကြတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆို ပြောရခက်ပေမဲ့ အနည်းဆုံး ထောင်ချီဂဏန်း ထွက်နေကြပါတယ်။”

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ၂၀၂၆ ဇွန်လ အစီရင်ခံစာမှာလည်း အာဏာသိမ်းပြီးနောက် လူငယ် ၁ သန်းဝန်းကျင် ပြည်ပကို ထွက်ခွာခဲ့ကြပြီး၊အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၇၅ ရာခိုင်နှုန်းကျော်ဟာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကနေ အဆက်ပြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် မိသားစုတွေကြားမှာ ပညာရေးထက် မိသားစုဝမ်းရေးကို ဦးစားပေးရပြီး ပညာ ဆက်မသင်နိုင်ဘဲ ပြည်ပထွက် အလုပ်လုပ်သူ ပိုများလာသလို၊ တိုက်ပွဲတွေကြားမှာ စစ်ဘေးရှောင်ရင်း ပညာသင်ကြားနေကြတဲ့ လူငယ်တွေလည်း ရှိတယ်လို့ ကရင်နီ စစ်ဘေးရှောင်ဒေသမှာ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာလင်းက ပြောပါတယ်။

“အထက်တန်းပညာရေး အောင်မြင်ပြီးသွားလို့ တက္ကသိုလ် ဆက်တက်တော့မဲ့ လူငယ်တွေ ဆိုရင်လည်း အခုဒီနောက်ပိုင်းမှာ ဘယ်လို ပြဿနာဖြစ်လာလဲဆိုရင် ဝမ်းရေးနဲ့ အနာဂတ်ပေါ့။ အဲဒီ ၂ ခုကို နှိုင်းယှဉ်ပြီး ယှဉ်ထိုးလာတာ ရှိတယ်။ အဲ့ချိန်မှာ လူငယ်အများစုက ရှေ့ဆက်ရမဲ့ ပညာရေးကို လုပ်ကြတာထက် မိသားစု ဝမ်းရေးကို ဦးစားပေးလိုက်ကြတာ များတယ်။ လူတိုင်းနီးပါးက စစ်ဘေးရှောင် ဖြစ်နေကြတယ်။ စစ်ဘေးရှောင်အဖြစ် နေကြရတဲ့အခါမှာ မိသားစု ဝမ်းရေးအခက်အခဲ ဖြစ်လာတဲ့အခါမှ ပညာဆက်လက် မသင်ကြားဘဲ ရရာ အလုပ်တွေ လုပ်ကြတာတွေ၊ ထိုင်း၊ မလေးရှားတို့ ထွက်ပြီး အလုပ်လုပ်ကြတာမျိုးတွေ ဒီနှစ်ပိုင်းတွေ ပိုပိုပြီးတော့ များလာတယ်။”

ကရင်နီဒေသက လူငယ်တွေဟာ တိုက်ပွဲ ပဋိပက္ခတွေကြား ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ၊ လူငယ် ဦးဆောင်တဲ့ နိုင်ငံရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကနေ ဆက်လက် ကြိုးစား ရှင်သန် ရပ်တည်နေကြပါတယ်။ ဒါပေမဲ့ စစ်ရေးပဋိပက္ခနဲ့ စားဝတ်နေရေး အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံကနေ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်အတွင်းရှိ လူငယ် ၇၁ ရာခိုင်နှုန်းကျော်ဟာ ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်နေတာကြောင့် မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သား ရှားပါးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013