DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များ စားဝတ်နေရေး ကျပ်တည်းပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေ
DVB
·
September 25, 2026
Photo: မဟာကရုဏာတော်ဖောင်ဒေးရှင်း
Photo: မဟာကရုဏာတော်ဖောင်ဒေးရှင်း
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်က နေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး ထွက်ပြေးလာရတဲ့ ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်တွေဟာ လတ်တလော စားဝတ်နေရေး ကျပ်တည်းမှုအပြင် စိတ်ပိုင်းဆိုင်ရာတွေ ခံစားနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်တွေနဲ့ နေ့စဉ် ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင် အစပ်ကြားက လတ်တလော ထွက်ပြေးလာတဲ့ စစ်ရှောင် ၇,၀၀၀ ကျော်လောက်ဟာ စားဝတ်နေရေးတွေ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အထူးသဖြင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဘက်က စစ်ဘေးရှောင်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေဟာ တိုက်ပွဲဧရိယာနဲ့ နီးစပ်တဲ့အတွက် စစ်အာဏာရှင်တပ်ရဲ့ လက်နက်ကြီးကျည် ပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် အလုပ်အကိုင် ပုံမှန်မလုပ်ကိုင်နိုင်သလို နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးလာရတယ်လို့ မဟာကရုဏာတော်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆရာတော် အရှင် ညဏောဘာသက မိန့်ဆိုပါတယ်။

“မိုးစဲကျွန်းက တိုက်ပွဲနဲ့နီးစပ်တဲ့ ဒေသလည်း ဖြစ်တာကြောင့် လူတွေ အလုပ်အကိုင် ပုံမှန်လုပ်ကိုင်လို့ မရဘူး။ လက်နက်ကြီးပစ်လိုက် ဂျက်တွေပျံဝဲလိုက် ကြောက်တဝက် လန့်တဝက်နဲ့ အလုပ်လုပ်နေရတော့။ အဲဒီအနေအထားတွေမှာ ဝင်ငွေတွေလည်း နည်းပါးတယ်။”

စစ်ရှောင်တွေ အလုပ်အကိုင်မရှိတဲ့အပြင် ကုန်စည်စီးဆင်းမှု နည်းပါးသွားတဲ့အတွက် ဆန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာကြောင့် အရင်ကထက် ပိုမိုကျပ်တည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

“ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဘက်ကို သွားတဲ့ လမ်းတွေမှာ ပိတ်ထားတဲ့ပုံစံမျိုးတော့ မရှိဘူး။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် လမ်းတွေဟာ အသွားအလာ နည်းသွားတယ်။ ကုန်စည်စီးဆင်းမှု နည်းနည်းတော့ နည်းသွားတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေ စားဝတ်နေရေး အရင်ကထက် ကျပ်တည်းသွားတာရှိတယ်။ တခြားကုန်ပစ္စည်းတွေတော့ အရမ်းဈေးတက်တာမရှိဘူး။ အခုတလောမှာ ဆန်ဈေးတက်သွားတာ ရှိတယ်။ မနှစ်က ဝါဆိုလထိ ဆန်ဈေးမတက်သေးဘူး။ ဒီတလ နှစ်လမှာပဲ ဆန်ဈေး ထိုးတက်သွားတာ ရှိတယ်။ ဆန်ဈေးတက်တဲ့အတွက်ကြောင့် စားဝတ်နေရေး ပိုပြီး အခက်အခဲ ဖြစ်သွားတာရှိတယ်။ အဓိက အလုပ်အကိုင် ရှားပါးတဲ့အတွက်ကြောင့် ဆန်ဈေးတွေကို အဓိက တာဝန်ရှိတဲ့သူတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးစေချင်ပါတယ်။”

အခုနှစ် ဩဂုတ်လ ပထမပတ်က ဆန်ဈေး တအိတ်ကို ၁၂၀,၀၀၀ ဝန်းကျင်ကနေ ဩဂုတ် တတိယပတ်၊ စတုတ္ထပတ်လောက်မှာ ၁၃၀,၀၀၀ ဖြစ်ပြီး အခု စက်တင်ဘာလမှာ ဆန်ဈေး ၁၆၀,၀၀၀ ကနေ ၁၈၀,၀၀၀ ထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေဟာ စစ်အာဏာရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ရေတပ်သင်္ဘာပေါ်က ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးပစ်ခတ်မှုတွေကြောင့် ငါးဖမ်းမထွက်ရတဲ့အပြင် တနေရာကနေ တနေရာ သွားလာဖို့ ခက်ခဲနေတာကြောင့် အမှန်တကယ် အခက်အခဲ ဖြစ်နေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ဒီမှာ စစ်ရှောင်တာ ၃ နှစ်ရှိပါပြီ။ စစ်ကောင်စီဘက်က ကုလားချောင်းရွာကို ဗုံးချတယ်၊ လက်နက်ကြီး ပစ်တယ်။ ကျမတို့ နေလို့မရတော့လို့ ထွက်ပြေးလာပါတယ်။ ဒီမှာနေတာ ၃ နှစ်ရှိပြီ။ ကုန်းတန်းမှာ တနှစ်နေခဲ့ပါတယ်။ နေလို့တော့ရပါတယ်၊ ဒါပေမဲ့ စိတ်မချမ်းသာပါဘူး။ ငါးဖမ်းပိုက်တွေပါပေမဲ့ လောလောဆယ် ပိုက်ချလို့ ဖမ်းလို့မရဘူးလို့ ပြောပါတယ်။ ပိုက်တွေ၊ လောင်း(စက်လှေ)တွေကို ကုန်းပေါ်တင်ထားရပါတယ်။ လုပ်ရတာတွေလည်း အခက်အခဲပါ။ သားသမီး ၇ ယောက် ၈ ယောက်ရှိလို့ အရင်တုန်းက ဖအေတယောက်တည်း အလုပ်လုပ်ရင် တမိသားစုလုံး စားလို့ရတယ်။ အခုကျတော့ တအိမ်လုံး အလုပ်ထွက်လုပ်တောင် ဆန် နှစ်သစ် (တပြည်) ထက် မရပါ။ ‌ဘဝတွေကို တော်တော်စိတ်နာပါတယ်။ သားသမီးတွေကိုလည်း ကျမပြောပါတယ်၊ နင်တို့ နေကျန်ခဲ့တော့၊ ငါ အဆိပ်စားလို့ သေတော့မယ် ပြောတယ်။ မခံစားနိုင်တော့ပါဘူး။ ဟိုနေရာသွားလည်း လုပ်စားလို့မရ၊ ဒီနေရာသွားလည်း လုပ်စားလို့မရဘူး၊ ပိုက်တွေ၊ လှေတွေ တင်ထားရပါတယ်။ အခု ငပိဆိုလည်း သွားပြီးရောင်းမယ်ဆိုလည်း ရောင်းဖို့နေရာမရှိဘူး။”

ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့ကာလမှာ စစ်ဘေးရှောင်တွေမှာ စိတ်မလုံခြုံမှုကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ မဟာကရုဏာတော်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆရာတော် အရှင် ညဏောဘာသက မိန့်ပါတယ်။

“တိုက်ပွဲပြင်းထန်တဲ့ကာလမှာ စိတ်မလုံခြုံမှုတွေရှိတယ်။ စိတ်မလုံခြုံလို့ နေမကောင်း ထိုင်မကောင်း ရောဂါတွေလည်း ရှိတယ်။ နွေရာသီတုန်းကတော့ အရေပြားရောဂါတွေ ဖြစ်ကြတယ်။ အခု မိုးရာသီမှာ ဖျားနာ၊ တုပ်ကွေး။ ဒါကတော့ နီးစပ်ရာ ပရဟိတဆေးခန်းမှာ ပြလို့ အဆင်ပြေပါတယ်။ ရောဂါကြီးဖြစ်တဲ့သူတွေကျတော့ ဆေးကုဖို့ ပိုက်ဆံမရှိလို့ အသက်မဆုံးရှုံးသင့်တဲ့ နေရာမှာ ဆုံးရှုံးသွားနိုင်တဲ့ အနေအထားရှိတယ်။”

စက်တင်ဘာ ၄ ရက်ကစပြီး စစ်တွေတိုက်ပွဲကြောင့် တိုက်ပွဲဧရိယာနဲ့ နီးစပ်တဲ့ ဒေသတွေအထဲက မိုးစဲကျွန်းမှာ စစ်ရှောင်လူဦးရေ ၇,၀၀၀ လောက် လတ်တလော စစ်ရှောင်လာရတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကုန်တန်းကြိမ်ချောင်း၊ ကုလားချောင်း၊ မက္ကလာကျ၊ ကျွန်းချေ၊ ဖာလာကုန်း စတဲ့ ကျေးရွာတွေနဲ့ ရသေ့တောင်မြို့နယ် မိုးစဲကမ်းက ဆားပြင်ကြီး၊ ဇီးကိုင်း၊ ဆားပြင်ချေ၊ ပန်းဇင်းမော်၊ ကျွန်းကြီး၊ ညောင်ပင်လယ် စတဲ့ ကျေးရွာ ၃၀ ထက်မနည်း စစ်ရှောင်လာပြီး စစ်ရှောင်အိမ်ထောင်စု ၁,၀၀၀ ကျော်ကို လတ်တလော ကူညီပေးထားကြောင်း ပြောဆိုထားပါတယ်။

၂၀၂၄ ခုနှစ်ကတည်းကနေ ၃ နှစ်တာကာလကို စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကြွီတဲ၊ ပါဒလိပ်၊ ချီလည်ဖင်း၊ ကျောက်တန်း၊ ရေချမ်းပြင် အပါ ရွာပေါင်း ၃၀ ထက်မနည်း ဒေသခံတွေဟာ စစ်အာဏာရှင်က ကျေးရွာကနေ နှင်ထုတ်၊ ကျေးရွာကို မီးရှို့ဖျက်ဆီးလို့ နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးလာရပြီး ရသေ့တောင်မြို့နယ် တခုတည်းမှာ လူဦးရေ ခန့်မှန်းခြေ ၁၀,၀၀၀ ဝန်းကျင်ထိ စစ်ရှောင်နေရတယ်လို့ စစ်ဘေးကူညီနေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013