
ကရင်နီပြည်နယ်အတွင်းရှိ လူငယ်တွေရဲ့ အသေးစားလုပ်ငန်းတွေကို မတည်ငွေ ထောက်ပံ့ပေးနိုင်ဖို့ အတွက် Spectrum Alliance of Gender Equity (SAGE) အဖွဲ့က အစီအစဉ်တခု ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလိုအချိန်ကာလအတွင်း ကရင်နီပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကူညီပံ့ပိုးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို အစီအစဉ်တွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်ကို ကရင်နီပြည်နယ်အတွင်းမှာ နေထိုင်ပြီး အသေးစားလုပ်ငန်းတခု လည်ပတ်နေသူတွေ ဒါမှမဟုတ် လုပ်ငန်းစတင်ဖို့ ကြိုးစားနေသူ မည်သူမဆို လျှောက်ထားနိုင်တဲ့အပြင် လူထုအသိုင်းအဝန်း ပြန်လည်အကျိုးပြုနိုင်မဲ့ လုပ်ငန်းမျိုး လုပ်ကိုင်သူတွေလည်း လျှောက်ထားနိုင်တယ်လို့ SAGE အဖွဲ့က ဆိုပါတယ်။
အသေးစားလုပ်ငန်းတခုအတွက် ထိုင်းဘတ်ငွေ ၁၅,၀၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သိန်း ၂၀ ၀န်းကျင်ထိ ထောက်ပံ့ပေးမှာပါ။
ရွေးချယ်ထောက်ပံ့ခံရတဲ့ လုပ်ငန်းတွေအတွက် မတည်ငွေ မထောက်ပံ့ခင် လိုအပ်တဲ့ သင်တန်းတွေကို SAGE ဘက်က ပံ့ပိုးပေးသွားမဲ့အပြင် မတည်ငွေ ထောက်ပံ့ပြီးနောက်မှာလည်း ထောက်ပံ့ပေးထားတဲ့ လုပ်ငန်းတွေရဲ့ လည်ပတ်မှုအခြေအနေကို လစဉ် ပြန်လည် ဆန်းစစ်ပေးသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ အစီအစဉ်အတွက် လာမဲ့ စက်တင်ဘာ ၃၀ ရက်မှာ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး အမျိုးသမီးတွေ၊ LGBTQIA+ နဲ့ မသန်စွမ်းသူတွေအနေနဲ့ လျှောက်ထားဖို့ SAGE က တိုက်တွန်းထားပါတယ်။










