
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့မှာရှိတဲ့ ဒွိုင်းစန်ဖာ့ ဗျူးပွိုင့်ကို ကရင်နီလူငယ်တစုက ဆေးမှုတ်ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ လူငယ်တွေကို ဖော်ထုတ်ခဲ့သလို တောင်းပန်စေခဲ့တယ်လို့ ကရင်နီဒုက္ခသည်ကော်မတီ (KnRC) က ဇူလိုင် ၁၃ က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၅ ရက်က မယ်ဟောင်ဆောင်မြို့ပြင်က ဒွိုင်းစန်ဖာ့ ဗျူးပွိုင့်ကို ကရင်နီလူငယ်တစုက ဆေးမှုတ်ဖျက်ဆီးခဲ့တာဟာ ကရင်နီပြည်သူတွေရဲ့ ပုံရိပ်ကို ထိပါးစေခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကရင်နီဒုက္ခသည်ကော်မတီဟာ သက်ဆိုင်ရာ ထိုင်းအာဏာပိုင် အဆင့်ဆင့်ရဲ့ လမ်းညွှန်ချက်နဲ့အတူ ကျူးလွန်ခဲ့တဲ့ လူငယ်တွေကို ချက်ချင်းစိစစ်ဖော်ထုတ်ခဲ့ပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ အဲဒီလူငယ်တွေကို ဆေးဖျန်းထားတဲ့ စာသားတွေ ပြန်လည်ရှင်းလင်း သန့်စင်စေခဲ့သလို အများပြည်သူကို ဝန်ချတောင်းပန်တာတွေပါ ဆောင်ရွက်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောင်နောင်မှာ အခုလိုမျိုး မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ ထပ်ပြီးမဖြစ်ပွားစေဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့အတူ ထိုင်းနိုင်ငံရဲ့ ကောင်းကျိုးစီးပွားအတွက် အထူးကြပ်မတ်သွားမယ်လို့ KnRc က ထုတ်ပြန်ပါတယ်။










