DVB Logo
Home
နိုင်ငံတကာ
မယ်ဟောင်ဆောင်တွင် အိမ်ထောင်စု ၇ စုကို မကောင်းဆိုးဝါးဟု စွပ်စွဲကာ ရွာထဲက နှင်ထုတ်
DVB
·
October 9, 2026
Photo: Maesarin Radio
Photo: Maesarin Radio
Donate to DVB

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆွပ်မွေးမြို့နယ်ရှိ ရွာတရွာမှာ မိသားစု ၇ စုဟာ မကောင်းဆိုးဝါးနဲ့ ပြုစားတတ်တယ်လို့  ရွာသားတွေက စွပ်စွဲပြီး ရွာထဲက နှင်ထုတ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဆွပ်မွေးမြို့နယ်၊ ပါပုန်းကျေးရွာအုပ်စု နယ်မြေ ၅ ဟွေ့ဟေ့ယာ့ကျေးရွာက ဆယ်ကျော်သက်လူငယ် တယောက်ဟာ ရေရှည် နာမကျန်းဖြစ်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ သူဒီလို ဖြစ်နေတာ ဟာ ရွာထဲက အဒေါ်တယောက်နဲ့ အဘိုးအဘွား ၂ ယောက်တို့က သူ့ကို ပြုစားတယ်လို့ အိပ်မက်မက်ကြောင်း မိဘတွေကို ပြောခဲ့တယ်၊ အဆိုပါစကားဟာ တဆင့်စကားတဆင့်နားနဲ့ တရွာလုံး ပျံ့နှံ့သွားပြီး ကျေးရွာဓလေ့ထုံးစံအရ မကောင်းဆိုးဝါးရှိသူတွေကို ရွာကနှင်ထုတ်ရမယ်လို့  ဆိုပါတယ်။ 

အစပိုင်းမှာ အိပ်မက်ထဲက အဒေါ်နဲ့ အဘိုး၊ အဘွားကိုသာ နှင်ထုတ်ဖို့သာ ဖြစ်ပေမဲ့ ရွာသားတွေက သူတို့တဆွေမျိုးလုံးနှင်ထုတ်ဖို့ ပြောကြတယ်။ အဘိုးအဘွားမှာ သားသမီး ၆ ယောက်ရှိပြီး အိမ် ထောင်ကိုယ်စီရှိတာကြောင့် သားသမီးမြေးမြစ်အပါ အိမ်ထောင်စု ၇ စုက လူဦးရေ ၃၀ ကျော် ၄၀ နီးပါးရွာ ထဲကထွက်သွားဖို့  နှင်ထုတ်ခံခဲ့ရတယ်။ မထွက်သွားရင် အိမ်မီးရှို့ပြီး တဆွေမျိုးလုံးကို ရိုက်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သူတို့မိသားစုတွေဟာ အလွန်ထိတ်လန့်ပြီး ကောင်ကွဲ့နယ်မြေရဲစခန်း၊ ဆွပ်မွေးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့တယ်။ 

တာဝန်ရှိသူတွေက မျက်နှာချင်းဆိုင် ဖြေရှင်းညှိနှိုင်းပေးဖို့ စက်တင်ဘာ ၂၃ မှာ ချိန်းဆိုပေမဲ့ ရွာသားဘက်က ရောက်မလာခဲ့လို့ အောက်တိုဘာ ၄ ရက်မှာ ဒုတိယအကြိမ် ထပ်မံချိန်းဆိုခဲ့ပါတယ်။ 

အုပ်ချူပ်ရေးရုံးနဲ့ ရဲစခန်းက တာဝန်ရှိသူတွေ လာရောက်ပြီး ယုံကြည်ချက် ရိုးရာအစွဲအလမ်းနဲ့  ရွာသားတွေကို ရွာကနှင်ထုတ်တာဟာ ဥပဒေနဲ့ မညီညွတ်ဘူး၊ မိမိရဲ့ ယုံကြည်ချက်ကြောင့် တပါးသူရဲ့ အခွင့်အရေးကို မထိခိုက်စေရဘူးလို့ ပြောဆို ညိနှိုင်းခဲ့ပါတယ်။

မနက် ၉ နာရီကစ ည ၇ နာရီထိ တနေကုန်ညှိနှိုင်းကြပေမဲ့ ရွာသားတွေဘက်က လုံးဝလက်မခံဘဲ အဲဒီ မိသားစု ၇ စုအနေနဲ့  ၂၀၂၆ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး သူတို့နေအိမ်ဖျက်ကာ ရွာကနေ ထွက်ခွါသွားဖို့၊ နောက်နောင် ရွာသားတွေကို မပြုစားဖို့၊ ရွာထဲကိုလည်း ဘယ်တော့မှ ပြန်မဝင်လာဖို့  သစ္စာရေသောက်ပြီး ကတိပြုခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့တွေလည်း ရွာထဲမနေရဲတော့ဘဲ ရွာပြင်မှာသွားနေကြတယ်။ အနှင်ခံထားရတဲ့ အိမ်ထောင်ဦးစီး လူလတ်ပိုင်းတယောက်ကတော့  အောက်တိုဘာ ၇ ရက်က  ဘန်ကောက်သို့ ဆင်းသွားပြီး လူမှုအခက်အခဲတွေ ကူညီဖြေရှင်းပေးနေတဲ့ “ဆိုင်မိုင်တောင့်လွတ် ” အမည်ရှိ အဖွဲ့အစည်းထံ သွားရောက်အကူအညီတောင်းခဲ့ပါတယ်။

အဖွဲ့တည်ထောင်သူ နိုင်းဧကဖုပ်လိန်ပရဆစ်က “ဒီဖြစ်စဉ်ဟာ လူအုပ်စုရဲ့ ဥပဒေက နိုင်ငံတော် ဥပဒေရဲ့ အထက်မှာရောက်နေတာကိုပြနေတယ်။ အိပ်မက်ကို ယုံကြည်ပြီး တပါးသူကို နှင်ထုတ်တာ မဖြစ်သင့်ဘူး။ ထိုင်းနိုင်ငံမှာ ဒီလိုအဖြစ်အပျက်တွေ မရှိသင့်ဘူး။ ဒေသခံအာဏာပိုင်တွေအနေနဲ့ ရွာသားတွေကို အကာအကွယ်ပေးရမှာဖြစ်တယ်။  ရွာသားတွေက သူတို့ကို ကိုယ်ထိ လက်ရောက် ကျူးလွန်လာရင် ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူပေးရမှာဖြစ်တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက် ပေးပါ”လို့   သက်ဆိုင်ရာနယ်မြေ ရဲစခန်းကို တိုက်ရိုက်ဖုံးခေါ်ဆို ပြောကြားခဲ့ပါတယ်။ 

အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နှင်ထုတ်ခံရတဲ့ ရွာသားတွေကို သွားရောက် စောင့်ရှောက် ပေးခဲ့တယ်။

အောက်တိုဘာ ၈ ရက်မှာ ဆွပ်မွေးမြို့နယ်အုပ်ချုပ်ရေးမှူး၊  မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးနဲ့  တာဝန်ရှိသူ တွေဟာ ပါပုန်းကျေးရွာအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမမှာ အယူသီးတဲ့ ရွာသားတွေနဲ့ အနှင်ခံရွာသားတွေကို ဆင့်ခေါ်ပြီး ပဋိပက္ခစေ့စပ်ညှိနှိုင်းပေးခဲ့တယ်။

နောက်ဆုံးတော့  နှစ်ဘက်လုံး ပဋိပက္ခအဆုံးသတ်ပြီး ရွာထဲမှာ အတူတကွအေးချမ်းစွာ ဆက်လက် နေထိုင်သွားဖို့ သဘောတူညီမှုရသွားပါတယ်။

သက်ဆိုင်ရာက ချမှတ်ပေးတဲ့ သဘောတူညီချက်တွေအတိုင်း တသွေမသိမ်း လိုက်နာ ကျင့်သုံး သွားမယ်လို့ ဌာနဆိုင်ရာလူကြီးတွေရှေ့မှာ ကတိပြုပြီး အုမ်းကွယ်မြို့နယ်၊ ဝပ်ဆိုင်ထောင်း ဘုန်းကြီးကျောင်းမှာ အတူတကွသစ္စာရေ သွားသောက်ကြမယ်လို့ ဆုံးဖြတ်ကြတာကြောင့် ပြဿနာ တွေ ပြေလည်မှုရသွားပါတယ်။ 

Source: Thairath / Kanchanaburi / Maesarin Radio / Amarin TV News 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013