DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်အတွင်း တရားမဝင် ကျွန်းသစ်လုံးများ ဖမ်းဆီးရမိ
DVB
·
August 4, 2026
Photo: Thai PBS
Photo: Thai PBS
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်ထဲက သံလွင်မြစ်အတိုင်း မျောပါလာတဲ့ တရားမဝင် ခုတ်လှဲထားတဲ့ ကျွန်းသစ်လုံးရေ ၁၈ လုံးကို သံလွင် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေ၊ အာဏာပိုင်အထူးတပ်ဖွဲ့နဲ့ ဒေသခံ ရပ်ကျေးခေါင်းဆောင်တွေက ဖမ်းဆီးခဲ့တဲ့အကြောင်း Thai PBS သတင်းမှာ ဩဂုတ် ၃ ရက်က ဖော်ပြပါတယ်။

အဆိုပါ တွေ့ရှိမှုဟာ အမျိုးသားဥယျာဉ် အဖွဲ့၊ အမှတ် ၃၆၀၂ အာဏာပိုင် တပ်ခွဲနဲ့ ဘန်းသာတာဖန်းကျေးရွာ ခေါင်းဆောင်တွေ ပူးပေါင်းပြီး ရေကြောင်း ကင်းလှည့်ချိန်အတွင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ ဖောင်အဖြစ် ပူးတွဲချည်နှောင်ထားတဲ့ ကျွန်းသစ်လုံး ၁၈ လုံးကို ဘန်းသာတာဖန်းနဲ့ ဟွေမယ့်ပိုကြားက မြစ်ဝှမ်းအပိုင်းမှာ ကျောက်ဆောင်တွေနဲ့ ငြိတွယ်နေတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးဟာ နယ်စပ်တလျှောက် တရားမဝင် သစ်ခုတ်မှုတွေနဲ့ သဘာဝသယံဇာတ အလွဲသုံးစားလုပ်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ ပုံမှန် နယ်စပ် လုံခြုံရေး ကြိုးပမ်းမှုတွေရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သက်ဆိုင်ရာဥယျာဉ် အာဏာပိုင်တွေက သိမ်းဆည်းရမိတဲ့ သစ်ပမာဏ တိုင်းတာမှုတွေကို ပုံစံတကျ မလုပ်ဆောင်ရသေးတာကြောင့် သစ်ထုထည် အတိုင်းအတာကို မတွက်ချက်ရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးရမိပြီးနောက် ဥယျာဉ် တာဝန်ရှိသူတွေဟာ ဖြစ်စဉ်ကို ပြန်လည်တိုက်ဆိုင် စစ်ဆေးဖို့ မြန်မာနိုင်ငံ၊ ဖာပွန်ခရိုင်၊ ဘန်းဒါးခွေးမှာ စခန်းထိုင်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) သစ်တော ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ သစ်လုံးတွေကို လက်ရှိမှာ သိမ်းဆည်းထားပြီး ဥပဒေအရ စစ်ဆေးမှုတွေ၊ သက်သေအထောက်အထား စုဆောင်းတာတွေနဲ့ ၂၀၁၉ ခုနှစ် အမျိုးသားဥယျာဉ်များ ဥပဒေ၊ ၁၉၄၁ ခုနှစ် သစ်တောဥပဒေတို့အရ အရေးယူဖို့ သံလွင်အမျိုးသားဥယျာဉ် ကာကွယ်ရေးစခန်းဆီ သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။

အမှတ် ၁၆ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲရေးရုံး (မယ့်စာရီးယန်း ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ချိုင်ချန်း ဆီရိယောင်က ဒီစစ်ဆင်ရေးဟာ ထိရောက်တဲ့ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုရဲ့ သက်သေတခု ဖြစ်တယ်လို့ ပြောပါတယ်။

သစ်တော ပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် အမျိုးသားဥယျာဉ်၊ သားငှက်တိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ သံလွင်မြစ်အတိုင်း တင်းကျပ်စွာ ဆက်လက်ကင်းလှည့်သွားမယ်လို့လည်း ဆိုပါတယ်။

သံလွင်အမျိုးသားဥယျာဉ် အကြီးအကဲ လိခစ်ဝိုင်ဖရုမ်ကတော့ ပြစ်မှုကျူးလွန် သူတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးသူတွေဟာ လက်ရှိမှာ သက်သေအထောက်အထားတွေကို စုဆောင်းနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မသင်္ကာဖွယ် သစ်ခုတ်မှုတွေကို တွေ့ရှိပါက ဥယျာဉ် အာဏာပိုင်တွေ၊ ဒါမှမဟုတ် လုံခြုံရေးတာဝန်ရှိသူတွေဆီ တိုက်ရိုက် သတင်းပို့ကြဖို့လည်း ဒေသခံ ပြည်သူတွေကို သတိပေး နှိုးဆော်ထားပါတယ်။

Source: Thai PBS 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013