DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်တွင်း အသေးစားလုပ်ငန်း ၅၀ ကို IEC က မတည်ငွေ ထောက်ပံ့မည်
DVB
·
November 4, 2026
Photo: IEC
Photo: IEC
Donate to DVB

ကရင်နီပြည်နယ်အတွင်း ပြင်ပကုန်စည် မှီခိုနေရမှုကို လျှော့ချနိုင်ဖို့နဲ့ ဒေသတွင်း ကုန်ထုတ်လုပ်မှု ပြန်လည် ဦးမော့လာစေဖို့အတွက် အသေးစားစီးပွားရေး လုပ်ငန်း ၅၀ ကို မတည်ငွေ ထောက်ပံ့ ပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာလိုက်ပါတယ်။

IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာန (TITC) အနေနဲ့ လာမဲ့ စီမံချက် ကာလအတွင်း ပြည်တွင်း အသေးစား လုပ်ငန်းတွေကို မတည်ငွေ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ အခြေအနေတွေကြောင့် ထောက်ပံ့မဲ့မတည်ငွေ ပမာဏ အပေါ် ဒေသခံလုပ်ငန်းရှင်တချို့ရဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် စီမံချက်မှာ လုပ်ငန်း ၅၂ ခုကို ထောက်ပံ့ပေးခဲ့ပြီး ဒီတကြိမ်မှာတော့ ပြည်ပကနေ စားသုံး ဆီတင်သွင်းနေရမှုကို လျှော့ချနိုင်ဖို့အတွက် စားသုံးဆီ ထုတ်လုပ်ရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးနဲ့ တိရိစ္ဆာန်အစာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အဓိက ဦးစားပေး ပံ့ပိုးသွားဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် ဒေသတွင်း ကြက်သားနဲ့ ငါးစားသုံးမှုအတွက် ပြင်ပလမ်းကြောင်းတွေကို အဓိက မှီခို နေရတဲ့ အခြေအနေကို လျှော့ချနိုင်ဖို့ ဒေသကြက်နဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေကိုပါ အလေးထား ဆောင်ရွက်သွားမယ်လို့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာန (TITC) ရဲ့ ဒုဌာနမှူး ရီဟားနားက DVB ကို ပြောပါတယ်။

"ကျမတို့မှာ ကြက်သားဆိုလို့ရှိရင် အမြဲတမ်း ပြင်ပဈေးကွက်ကိုပဲ မှီခိုနေရတယ်။ တောင်ငူလမ်း တပတ်လောက်ပိတ်သွားပြီဆိုရင် ကျမတို့မှာ ကြက်သား Supply မရှိတော့ဘူး။ ဆိုတော့ အဲဒါတွေ ကို မှီခိုနေရတာတွေ လျော့သွားအောင် ကျမတို့ဘက်ကနေ ဒေသကြက်ပေါ့နော် အသား စားသုံးဖို့ ရည်ရွယ်ပြီး မွေးမြူတဲ့လုပ်ငန်းကို ပိုပြီးမြှင့်တင် ဆောင်ရွက်သွားဖို့ ရှိတယ်။ ငါးဆိုလည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ မတည်ငွေ ပမာဏကတော့ လုပ်ငန်းအပေါ်မှာ မူတည်ပါမယ်။ ပြီးခဲ့တဲ့ စီမံချက်မှာ Grant အနေနဲ့ ပေးလိုက်တော့ အားနည်းချက်တွေ အများကြီး တွေ့ရတယ်။ ဆိုတော့ အတိုးနှုန်းမပါဘဲ သတ်မှတ်ကာလတခု ရောက်ရင် အရင်းအနှီးငွေ ပြန်လည်ဆပ်ရမဲ့ စာချုပ်ပုံစံမျိုး စီမံဖို့ ပြင်ဆင်နေပါတယ်။"

အခုလို မတည်ငွေ ထောက်ပံ့မဲ့ အစီအစဉ် ထွက်ပေါ်လာပေမဲ့လည်း စစ်ရေးနဲ့ ကုန်သွယ်ရေး ခက်ခဲမှု တွေကြောင့် ဒေသတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့ ကာလမှာ ထောက်ပံ့ပေးမဲ့ ငွေကြေး ပမာဏ နည်းပါးရင် မြေပြင်မှာ ထိရောက်မှု အားနည်းနိုင်တယ်လို့ ဒီးမော့ဆို ဒေသခံ လုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ဒီးမော့ဆို ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တယောက်က "ကျမအမြင်ပဲ ပြောမယ်ဆိုရင်တော့ ထိရောက်မှုတော့ နည်းမလားမသိဘူး။ ကုန်ဈေးနှုန်းက မြင့်တော့ ကျပ် ၁၀ သိန်းနဲ့ဆို ဘာလုပ်ရမှန်း မသိ အဲလိုမျိုးတွေပေါ့နော်။ ဆိုတော့ ဒီမှာလည်း အလုပ်အကိုင် ရှားပါးတော့ လွယ်တော့ မလွယ်ဘူး ထင်တယ်။ အတိုးမဲ့ဖြစ်ဖြစ် ချေးစားရင် စားဝတ်နေရေး တဖက်တလမ်းကနေ ဖူလုံရင်လည်း ဖူလုံမှာပေါ့။ ဒါပေမဲ့ အများနဲ့ဆိုတော့ ငွေပမာဏ ၅ သိန်း ၁၀ သိန်းနဲ့ အလုပ်ဖြစ်မှာလည်း မဟုတ်ဘူးထင်တယ်"လို့ ပြောပါတယ်။

TITC ဌာနဘက်ကတော့ ထောက်ပံ့မဲ့ ငွေပမာဏကို လုပ်ငန်းအမျိုးအစားနဲ့ အဆိုပြုလွှာအပေါ် မူတည်ပြီး လျှောက်ထားသူနဲ့ ပြန်လည် ညှိနှိုင်းဆုံးဖြတ်သွားမှာ ဖြစ်သလို၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ သဘောတူ စာချုပ်တွေ ချုပ်ဆိုသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မတည်ငွေ ရထားပြီး အခက်အခဲ ကြုံရရင် တင်းကျပ်တဲ့ အရေးယူမှုတွေထက် ပြည်သူတွေနဲ့ ညှိနှိုင်း ဖြေရှင်းသွားမယ်လို့ အသိပေးထားပါတယ်။

ဒီအစီအစဉ်ကို ကရင်နီ ပြည်တွင်းမှာ အမှန်တကယ် လုပ်ကိုင်မဲ့ လုပ်ငန်းရှင်တွေသာ လျှောက်ထား နိုင်ပြီး၊ လုပ်ငန်းအဆိုပြုလွှာတွေကို လာမဲ့ ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး တင်သွင်းရမှာ ဖြစ်ပါတယ်။

မောရစ်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013